♪♪.ကျော်နှင်းဆီလွင်.♪♪
Showing posts with label အတိုအစလေးများ. Show all posts
Showing posts with label အတိုအစလေးများ. Show all posts

May 6, 2013

2013ခုနှစ်၊ ဇန်န၀ါရီ၊ မြန်မာပြည် နှင့် ကျမ (3)

ပြီးခဲ့တဲ့အပါတ် တနလာင်္နေ့က ကျမရုံးသွားနေတုန်းလမ်းမှာ မေ့ဆီက(ဗမာပြည်)ဖုန်းဝင်လာခဲ့
ပါတယ်။ ပျောက်သွားတယ်ဆိုတဲ့မှတ်ပုံတင်ရှာတွေ့လို့ ပြန်ရပြီဆိုပါတယ်။

ဟုတ်ကဲ့။ ဒါဟာဒီဇင်ဘာနှင့်ဇန်န၀ါရီဗမာပြည်အလည်ခရီးစဉ်မှာကျမကြုံတွေ့ခဲ့ရတဲ့အတွေ့
အကြုံပါ။ ရေးမယ်လို့တွေးရင်း ၅လပိုင်းတောင်ဝင်သွားခဲ့ပါပြီ။ရယ်စရာလေးတွေလို့ပဲသဘော
ထားပြီးဖတ်ပေးပါ။

ဗမာပြည်ရောက်လို့ မင်္ဂလာဆောင်ပြီးတော့မအားရဘူးရှင့်။ ကျမကဒီဘက်မှာအလုပ်သစ်စ၀င်
မှာရယ်၊ခင်ပွန်းရဲ့မိတ်ဆွေအချို့စုံစမ်းခိုင်းတဲ့သတင်းအချက်အလက်တွေလိုက်စုံစမ်းရတာရယ်
ကြောင့်ပါ။ ဒီကြားထဲဘဏ်တွေမှာ MPU လို့ခေါ်တဲ့ Debit Cardတွေစထုတ်ပေးကာ ဈေးဝယ်
တဲ့အခါယင်းကဒ်ဖြင့်အသုံးပြုဝယ်ယူနိုင်ပြီး မိမိဘဏ်စာရင်းထဲမှငွေကိုနှုတ်ပေးတဲ့စနစ်ပါ။ကျမ
လဲရောက်တုန်းရောက်ခိုက် အမရဲ့ကဒ်တွေကြည့်ပြီး မအားတဲ့ကြားထဲက အချိန်လုပြီးသွားလုပ်
ပါတယ်။ ရိုးမဘဏ်မှာပါ။

လူတွေကြိတ်ကြိတ်တိုးနေပါတယ်။ကဒ်လုပ်တဲ့ကောင်တာမှာလည်းလူများပါတယ်။
အ၀င်ဝက ဧည့်ကြိုနှင့်လမ်းညွှန်ပေးသောဝန်ထမ်းတွေသိပ်သဘောကောင်းပါတာမို့ ခုမှပဲစိတ်
ချမ်းသာရတယ်လို့တွေးမိပါတယ်။ ဒါပေမဲ့ကဒ်ကောင်တာအလုပ်များတော့ ၀န်ထမ်းတွေလည်း
သိပ်စိတ်မရှည်နိုင်ပုံရပါတယ်။ ကျမကိုလုပ်ပေးတဲ့ညီမလေးက ကျမဆီကမှတ်ပုံတင်ကိုတောင်း
ပြီး အကုန်သူကိုယ်တိုင်ဖောင်ကို ခပ်သွက်သွက်ဖြည့်ပြီး ကျမကို အမ ဒီနေရာ၊ဒီနေရာနဲ့ဒီနေရာ
မှာဆိုင်းထိုးပေးပါလို့ဆိုတော့ အလုပ်များနေတဲ့သူမကိုအနှောင့်အယှက်မဖြစ်ရအောင် ခပ်မြန်
မြန်ပဲထိုးပေးပါတယ်။ ကျမလည်းအချိန်မရှိဘူးလေ။

ခဏစောင့်လို့စာအုပ်ထွက်လာတော့ အင်္ဂလိပ်လိုရေးထားတဲ့ကျမနာမည် ၁လုံးမှားနေပါတယ်။
ပြန်ပြင်ပေးဖို့ပြောတော့ အမဘာမှမဖြစ်ဘူး ဒီအတိုင်းသုံးလဲရပါတယ်လို့ဆိုပါတယ်။ ကျမက
အမရဲ့ကိုယ်ရေးကိုယ်တာဖိုင်တွေစာရွက်စာတမ်းတွေအကုန်မှာအမရဲ့အင်္ဂလိပ်လိုစာလုံးပေါင်းက
တမျိုးတည်းသုံးတာ။ ဒါကိုအမလက်မခံနိုင်ဘူး။ နာမည်ဆိုတာ စာလုံးပေါင်းတခုမှားတာနဲ့အဲဒါ
အဲသည့်လူမှမဟုတ်တော့တာ။ အဲလိုဖြင့်ကျမကိုပြင်ပေးပါတယ်။ ကဒ်ကိုတော့ နောက်၃ရက်
ခန့်ကြာမှရမယ်ဆိုပါတယ်။ စိုးရိမ်တဲ့ကျမ ၀န်ထမ်းကို အမနာမည်ထပ်မမှားစေနဲ့နော် ကဒ်မှာ
ပါပြင်ခဲ့ရဲ့လား မေးတော့ အမစိတ်ချအားလုံးပြင်ပြီးသားလို့ဆိုပါတယ်။

၃ရက်ကြာလို့ကဒ်ထုတ်တော့ စာလုံးပေါင်းမှားနေပါတယ်။ မပြင်ထားပါဘူး။ အဲလိုနဲ့ကျမကဒ်
လုပ်ပေးတဲ့ကောင်တာက၀န်ထမ်းကိုပြောပါတယ်။(ကဒ်လုပ်ခဲ့စဉ်ကနှင့်မတူသော အခြား
ဝန်ထမ်းတဦးပါ)။ ညီမ အမကဒ်နာမည်မှားနေတယ် ပြန်ပြင်ပေးပါလို့။ ဒီတခါဝန်ထမ်းကတော့
သိပ်အဆင်မပြေပါဘူး။ အတော်များများကအဲလိုပဲပေါင်းသုံးတာ အဲဒီအတိုင်းသုံး ရတယ် ဘာမှ
မဖြစ်ဘူးလို့ ကျမကို တောကအဒေါ်ကြီးကိုရှင်းပြသလိုဆိုပါတယ်။ ကျမကပထမနေ့ကအတိုင်း
ထပ်ပြောပါတယ်။ လက်မခံနိုင်ဘူးပြင်ပေးပါလို့။ အဲသည့်နေ့က၀န်ထမ်းကိုခေါ်ပေးဖို့ဆိုတဲ့
အခါ ကျမကိုခဏစောင့်ပါလို့ပြောတာမို့ သူမရှေ့ကစားပွဲမှာကျမ၀င်ထိုင်ပါတယ်။ ကျမရှေ့က
စားပွဲမှာသူမကစာရင်းစာအုပ်ကြီးကို ဆောင့်ဆောင့်အောင့်အောင့်နဲ့ဖုန်းခနဲအသံမြည်အောင်
ချလိုက်တဲ့အခါ ရိုင်းလိုက်တာလို့တွေးရင်း ကျမ အတော်စိတ်တိုသွားပါတယ်။

နောက် ပထမနေ့ကလုပ်ပေးခဲ့တဲ့ဝန်ထမ်းကရောက်လာတာမို့ ညီမကိုဟိုနေ့ကသေချာမေးခဲ့
သေးတာနော်။ ခု ပြင်မထားဘူး။ ပြန်ပြင်ပေးပါလို့ဆိုတော့ ကျမမှတ်ပုံတင်ကိုတောင်းရင်း အမ
ဒီတိုင်းသုံးလိုက်လည်းပြသနာမရှိပါဘူးလို့ထပ်ဆိုတာမို့ ခုနကတည်းကပေါက်ချင်နေတဲ့ကျမ
စိတ်တိုတိုနဲ့ ပိုက်ဆံအိတ်ထဲက(ဂျပန်က)ကဒ်တွေ စားပွဲပေါ်အကုန်ထုတ်ပစ်ပြီး ဒီမှာတွေ့လား
အမနာမည်က ပတ်စ်ပို့မှာရော ဘယ်နိုင်ငံသွားသွား ဘာပဲလုပ်လုပ် ဒီစာလုံးပေါင်းတခုတည်း
သုံးတာ။ ဥပဒေအရ စာရွက်စာတမ်းဆိုင်ရာတွေလုပ်တဲ့အခါ နာမည်ဟာ သိပ်အရေးကြီးတာ
ညီမသိသလား။ ဟိုနေ့ကသေချာပြောခဲ့ပြီး မှားတာကို ဘာလို့ဒီတိုင်းသုံးလို့ရတယ်လို့ ပြီးစ
လွယ်ပြောနေကြတာလဲလို့။ကျမမလျှော့တာသိသွားတော့ကျမကိုအမကဒ်အသစ်ထပ်လုပ်
ရမှာမို့ ၃ထောင်ကျပ်ထပ်ကျမယ်နော်တဲ့။ တောင်းပန်စကားတခွန်းမှမကြားရသေးတဲ့ကျမ
အချိန်မရလို့ အလျှင်လိုနေပြီး နောက်ချိန်းထားတာတခုကိုရွှေ့ ပစ်ရတဲ့ကျမ ပြောမိပါတော့
တယ်။

ညီမကိုအမကသေချာပြောရက်သားနဲ့ညီမတို့ဘက်ကမှားပြီး ဘာဖြစ်လို့ အမက
ပိုက်ဆံထပ်ပေးရမှာလဲ။ အမအတွက် ၃ထောင်ဆိုတာနှမြောစရာမရှိဘူး။ အမှန်ဆို၁၅မိနစ်
လောက်နဲ့ကဒ်ထုတ်ပြီး ပြီးဆုံးသွားရမှာကို ညီမတို့မှားတဲ့အမှားက ချိန်းထားတာတွေလဲ
ဖျက်ရပြီး ခု ၂နာရီနီးပါးကြာနေပြီ။ အဲဒါကို တောင်းပန်စကားတခွန်းမှမဆိုပဲ ညီမတို့အမှား
လုပ်တာကို အမကဘာလို့ ပေးရမှာလဲ။ ဘဏ်စည်းကမ်းမှာ ရှိတယ်မဟုတ်လားလို့။
ပထမနေ့ကကျမကို ကောင်းမွန်ချိုသာစွာလုပ်ပေးခဲ့တဲ့ခလေးက မျက်နှာညိုသွားတော့
ကျမက အမမပေးရင်ညီမစိုက်ရမှာမဟုတ်လားမေးတော့ ဟုတ်ကဲ့လို့ဆိုပါတယ်။ အမပြော
တာညီမနားလည်တယ်ဟုတ် ညီမစိုက်ရမယ်ဆိုအမပေးမယ်လို့ဆိုတော့ သူမကအမရပါတယ်
လို့ဆိုငြားငွေထုတ်ရှင်းပါတယ်။ ဒါပေမဲ့ အမကို တချက်မတောင်းပန်ပဲ အပြစ်ပုံချတာကိုအမ
ကလက်မခံနိုင်တာလို့။ ခဏ ကျမတို့ကြားတိတ်ဆိတ်သွားပါတယ်။ ဖောင်ဖြည့်နေတဲ့သူမ
ခဏနေတော့ အမ ကျေးဇူးပါ။ တောင်းပန်ပါတယ်နော် လို့ဆိုပါတယ်။ကျမကျေနပ်ပါတယ်။
ကျမတို့တွေလည်း ငယ်ရာကကြီးလာ ဒီလိုပဲ အမှားတွေများစွာလုပ်ခဲ့ကြတာပဲ။ လူတိုင်း
ဒီလိုနဲ့ ရင့်ကျက်လာ တတ်မြောက်လာတာပါ။ ကျမရဲ့စိတ်ကို ဒီခလေးကနားလည်ပေးတဲ့
အတွက်၊ ချက်ချင်းသူမအမှားကိုမြင်ပြီး လုပ်သင့်တယ်လို့ထင်တဲ့ အလုပ်ကိုလုပ်တာဟာ
အလွန်ကိုချီးကျူးဖို့ကောင်းပါတယ်။ တနေ့ အဲသည့်ဘဏ်မှာသူမကိုရာထူးကြီးကြီးနဲ့
ပြန်ဆုံရမယ်လို့ မျှော်လင့်ပါတယ်။

(မေ့ခဲ့လို့အောက်ကတပိုဒ်ဖြည့်စွက်ပါတယ် ..ကြာပြီဆိုတော့မေ့လောက်တာပေါ့ :)))
သူမကဖြည့်စွက်ပြီးတဲ့အခါ အမ ရုံးချုပ်ကိုတင်ပြရမှာမို့ကဒ်ထားခဲ့ရမယ်လို့ဆိုပါတယ်။
ကျမ ကောင်းပါပြီ လို့ဆိုတော့ကဒ်ကိုစာအိတ်ထဲပြန်ထည့်သိမ်းဖို့လုပ်နေတဲ့သူမကိုကျမ
က ဟင် ကဒ်ကိုကတ်ကြေးနဲ့မညှပ်ဖူးလားမေးတော့ မညှပ်ဖူး ဒီအတိုင်းတင်မယ်အမတဲ့
ဒီကေ့စ်က သူမအတွက် ဒါ့အပြင် ဘဏ်အတွက် ပထမဆုံးအတွေ့ကြုံဖြစ်ပုံရပါမယ်။
ကျမက အမတို့နိုင်ငံခြားဘဏ်တွေမှာ ကဒ်ကိုဘဏ်ကိုပြန်အပ်ရင် ကာယကံရှင်ရှေ့မှာ
ကတ်ကြေးနဲ့ညှပ်ရတယ် အဲဒါမှဆေ့ဖ်ဖြစ်တာလို့ဆိုတော့ လုပ်လို့မရဘူးအမတဲ့
ရုံးချုပ်က ဘယ်လိုလုပ်မှန်းမသိလို့တဲ့။ အဲတော့ကျမက အဲသည့်ကဒ်ကို အမနာမည်နဲ့
သီးသန့်စာအိတ်ထဲမှာချိတ်ပိတ်ထည့်ပြီး အမကိုပေးတာ။ အမကာယကံရှင်ကိုယ်တိုင်က
လွဲလို့ ဘဏ်ဝန်ထမ်းတွေတောင်ဖွင့်ကြည့်လို့မရတာ ဘာအဓိပ္ပါယ်လဲသိလား။ သမီးတို့
ဘဏ်ဝန်ထမ်းတွေအတွက် အဓိကအကျဆုံးစောင့်ထိန်းရမှာ customerရဲ့personal data
ကို မပေါက်ကြားစေတာပဲ။ ခုသမီးတို့ဘဏ်ကလူတွေအမကဒ်ကိုင်ပီး ဟိုလူကဟိုယူသွား
ဒီလူကဒီယူသွားလုပ်တာတောင်လွန်လှပြီ။ အဲသည့်နံပါတ်တွေကူးထားရုံနဲ့ ဈေးဝယ်လို့
ရ ငွေတွေသုံးလို့ရတာသိသလားလို့။ သူမက အမ နံပါတ်သိလည်း ပက်စ်ဝက်ဒ်(လျှို့ဝှက်
နံပါတ်မသိရင် သုံးလို့မရပါဘူး)တဲ့။ ကျမလဲစိတ်ညစ်သွားတယ်။ နိုင်ငံခြားမှာဆို ဆိုင်ပေါ်
နေရာပေါ်မူတည်ပြီး လျှို့ဝှက်နံပါတ်မလိုပဲ သုံးလို့ရတဲ့ဆိုင်တွေအများကြီး။ ဗမာပြည်မှာ
ခုမှပေါ်ကာစမို့မရပေမဲ့ နောက်လအနည်းငယ်ကြာလို့မှရရင်ဘယ်လိုလုပ်မလဲလို့။ အမ
ကိုမန်နေဂျာခေါ်ပေးပါလို့။ သူမ ခဏထွက်သွားပြီး ပြန်လာတဲ့အခါ အမဆောရီးနော်
သမီးတို့လည်းမသိလို့ဆိုပြီး ကတ်ကြေးနဲ့ညှပ်ပေးပါတယ်။

အဲလိုနဲ့ သူမနဲ့အခြားဘဏ်ဝန်ထမ်း၂ဦးခန့် ကျမဖိုင်ကိုရှာဖို့ ကျမမှတ်ပုံတင်ကိုလက်လွှဲလက်
ပြောင်း လုပ်ပြီး ဟိုဘက်ယူသွားလိုက် ဒီဘက်ယူသွားလိုက်နဲ့ သူမဆီကပြေစာရတဲ့အချိန်မှာ
နောက်ချိန်းထားတဲ့နေရာက ၁၅မိနစ်ခန့်နဲကအရောက်သွားမှာဖြစ်တော့မှာမို့ မှတ်ပုံတင်ပြန်
ယူဖို့သတိမရတော့ပဲကျမထွက်လာပါတယ်။ လမ်းမှာ ကားပေါ်မှာ သတိရတော့ ချက်ချင်း
အိတ်ကိုသေချာစစ် ဖုံးချက်ချင်းဆက်ပါတယ်။ မကျန်ခဲ့ပါဘူးလို့ဆိုပါတယ်။ ကျမကဒီနေ့ရှာ
ထားပေးပါ နက်ဖြန်ထပ်ဆက်မယ်လို့။ နောက်ရက်မှာလည်းမကျန်ဘူးဖြေတာမို့ လူကိုယ်တိုင်
ဘဏ်ကိုသွားပါတယ်။ ကျမက ကောင်တာမှာမှတ်ပုံတင်ပေးလိုက်တယ် အဲဒါကို ၀န်ထမ်းဆီ
ပြန်ပေးပြီးကျမဖိုင်ကိုရှာခိုင်းတယ်။ နောက်ကဒ်လုပ်ပေးခဲ့တဲ့ဝန်ထမ်းလေးကနောက်မှာရောက်
လာပြီး ကျမမှတ်ပုံတင်ကို အခြားတယောက်ကိုဖိုင်ရှာဖို့ ပေးလိုက်တယ်။ ကျမဆီပြန်မလာဘူး။
ယင်းဝန်ထမ်းမလေးကိုကျမက ညီမဆီက အမနောက်ဆုံးမှာပြေစာပဲယူသွားတာ မှတ်မိတယ်
မဟုတ်လား ဆိုတော့ ဟုတ်တယ်အမ လို့ပြောပါတယ်။ ဒါပေမဲ့ ကျမကိုဘယ်သူမှမှတ်ပုံတင်
ပြန်မပေးခဲ့ဘူး။ အဲလိုနဲ့မန်နေဂျာနဲ့တွေ့ပါတယ်။

စကတည်းကကျမကိုအကျိုးအကြောင်းမေးပြီးပြောတာက ဘဏ်စည်းကမ်းက မှတ်ပုံတင်ကို
ဆက်ဆက်ပြန်ပေးရတယ် ညီမကို ပြန်ပေးပြီးတာသေချာတယ် ညီမဘာသာသေချာပြန်ရှာ
စစ်ကြည့်ပါဦး။အမတို့ဝန်ထမ်းတွေကပြန်မပေးဘူးဆိုတာ မရှိဘူးလို့ဆိုပါတယ်။
မိမိဝန်ထမ်းတွေကိုတခွန်းမှမမေးမြန်းပဲနဲ့ စတွေ့တာနဲ့ သူတို့အလွန်မရှိ ကျမသာလျှင်
မှားနေတာသေချာဧ။်လို့ ခေါင်းစဉ်တပ်ခံရပြန်ပါတယ်။

ကျမကဆိုပါတယ်။
ပြန်ပေးပြီးတာသေချာတယ်လို့ဆိုတာ အမအဲသည့်နေရာမှာရှိနေခဲ့လား။ အမအဖြစ်အပျက်
ကိုမြင်ခဲ့သလား။ အမကအဲသည့်နေရာမှာမရှိနေခဲ့ပဲ ၀န်ထမ်းတွေကိုလည်း ခေါ်မေးတာမျိုး
မလုပ်ပဲ ညီမကို အမက အဲလို သူတို့ညီမကိုသေချာပေါက်ပြန်ပေးခဲ့တယ်ဆိုတဲ့ စကားကို
ပြောခွင့်မရှိဘူး လို့။ အမတို့ဘဏ်က ဘာစည်းကမ်းသတ်မှတ်ထားထား လူတိုင်းအကုန်
လိုက်လုပ်နေတယ်လို့အမယတိပြတ်ပြောလို့ရသလားလို့။ မနေ့ကလည်းနာမည်မှားလို့
ကဒ်လဲပေးဖို့ပြောတာကို ဒီအတိုင်းသုံးလိုက်ရတယ်လို့ပြောပြီး ကျမကအတင်းလဲခိုင်းတော့
သူတို့လည်းမှားသေးတယ် ကျမရှေ့ကခုံမှာစာအုပ်ဆောင့်ချတယ်။ အဲလိုလုပ်သင့်သလား
လို့။ အဲတော့ညီမကဘာဖြစ်စေချင်သလဲတဲ့။ဝန်ထမ်းတွေခေါ်မေးပေးပါ။နောက်ဆုံးဘယ်သူ့လက်ကိုရောက်သွားလဲဆိုတာ အစပေါ်လာရင်ပြန်ရှာရလွယ်လိမ့်မယ်လို့။ ခေါ်မေးပါတယ်။
ထုံးစံအတိုင်း အားလုံးကဘယ်သူကဘယ်သူ့ကိုပေးလိုက်တယ်နဲ့အဖြေမပေါ်ပါဘူး။ ကျမက
ပေးလိုက်တာ ကျမကိုပြန်မပေးတာရော သေချာမှတ်မိတယ်။  ဒါဆို စီစီတီဗွီမှာပြန်ရှာပေးပါ
လို့။ အဲလိုနဲ့ကြည့်ကြပါတယ်။ ကဒ်လဲဖို့ကျမပြန်ဝင်လာပါတယ်။ ကောင်တာမှာကဒ်နှင့်
အတူ မှတ်ပုံတင်(ပန်းရောင်မို့သိပ်သိသာပါတယ်။)ထုတ်ပေးပါတယ်။ အကျယ်ချဲ့ကြည့်ဖို့
ပြောပါတယ်။ မလုပ်တတ်တာမို့ လုပ်နည်းကျမပြောပြပါတယ်။ သူတို့ဘာသာ စီစီတီဗွီတပ်
ပေးတဲ့ရုံးကိုဖုံးဆက်မေးတဲ့အခါ ကျမပြောတဲ့အတိုင်းဟိုကသင်ပေးပါတယ်။ တီဗွီထဲမှာလဲ
ကျမကိုပြန်ပေးတာမတွေ့ရပါဘူး။ ကျမကိုမှုန်နေလို့သိပ်မမြင်ရဘူး။ ခန့်မှန်းဆုံးဖြတ်လို့မရ
ဘူးဆိုတဲ့စကားဖြင့်အဆုံးသတ်ကာ တွေ့ရင်ဖုံးဆက်လိုက်မယ်ဆိုပါတယ်။

ကျမကနောက်ရက် ဂျပန်ပြန်ထွက်ရတော့မယ်။ အသစ်လုပ်ဖို့လည်းအဆင်မပြေဘူး။ ကျမ
မန်နေဂျာရဲ့လိပ်စာကဒ်တောင်းပါတယ်။ ကျမကိုတွေ့အောင်ပြန်ရှာပေးမယ်လို့ဆိုင်းထိုးပေး
ဖို့ပြောပါတယ်။ ၀န်ထမ်းမို့ မထိုးပေးနိုင်ပါဘူးဆိုပါတယ်။

ပြန်လာတည်းက ကာယကံရှင်မရှိတော့ ကဒ်အသစ်လည်းလျှောက်မရတာရော မသမာသူ
လက်ထဲရောက်သွားလျှင် အသုံးချခံရမှာကောတွေးပြီး ကျမ စိတ်တပူပူပါ။
ယင်းကဒ်ဟာ သင်္ဃန်းကျွန်းကမ္ဘောဇဘဏ်က ၀န်ထမ်းတွေလက်ထဲမှာ ပျောက်ဆုံးသွားခဲ့ပြီး
၎လခန့်အကြာ ၄လပိုင်းအကုန်မှာ  ဘဏ်မှာဖုံးဆက်အကြောင်းပြီး ပြန်ပေးတာမို့ အိမ်မှ
မိသားစုက သွားပြန်ယူလာခဲ့ပါတယ်။

ဘာပဲပြောပြော ပြန်ရတဲ့အတွက် ရင်ထဲကအပူတခုကျသွားသလို စိတ်အေးသွားရတာမို့
ကျေးဇူးအထူးတင်ရှိပါတယ်။

ပြန်ရောက်တာနဲ့ချက်ချင်းသွားတွေ့ကာ စကားပြောမယ်ဆိုပြီး ကျစ်ကျစ်ပါအောင်သိမ်းထား
တဲ့ လိပ်စာကဒ်ကလေးလည်း မလိုတော့ဘူးထင်ပါတယ်။

အားလုံးပဲကျန်းမာချမ်းသာပါစေရှင်


Jan 27, 2013

2013ခုနှစ်၊ ဇန်န၀ါရီ၊ မြန်မာပြည် နှင့် ကျမ (2)

မနေ့ကလူကြုံလူလာတဲ့ပစ္စည်းတွေသွားပေးရင်း သူငယ်ချင်းနှစ်ဦးနှင့် စကားတွေလည်းပြောဖြစ်ပါ
တယ်။ သိလိုက်ရတာကတော့ ဒီလိုတွေစိတ်ကသိကအောင့်ဖြစ်ရတာ၊ ကြုံရတာကျမတစ်ဦးတည်း
မဟုတ်ဘူးဆိုတာပါပဲ။

ဆီဒိုးနားမှအဆက်
ကျန်ခဲ့တဲ့စကားကိုဆက်ရလျှင် ဆီဒိုးနားမှာ ခုံလဲပေးဖို့၊ ဓါတ်ကြိုးတွေထားတဲ့ခုံရွှေ့ပေးဖို့ပြောပြီး
ဒေါခွီးပြီးပြန်လာတဲ့ကျမအဖြစ်ကို အိမ်လာလည်တဲ့ အဒေါ်ကကြားပါတယ်။ အဒေါ့်သမီးကလည်း
ဆီဒိုးနားဘောရွမ်းမှာ မင်္ဂလာပွဲ ဒိတ်ယူထားတာပါ။ ဒါနဲ့အဒေါ်က ဦးလေးနဲ့သိကျွမ်းတဲ့ဆီဒိုးနားမှ
မန်နေဂျာကိုဖုံးဆက်ပေးပြီး ကျမကိုစိတ်ပူလို့နောက်ရက် ကျမနှင့်အတူ လိုက်ပို့ကာ စကားလိုက်
ပြောပေးပါတယ်။ သို့ငြားရောက်တာနှင့် ခုံလဲပေးပြီး လဲတဲ့ခုံလိုက်ပြပေးတာရော၊ ဓါတ်ကြိုးထား
တဲ့ခုံ ဖွက်ပေးမယ်ဆိုတာရောပြောတာမို့အဆင်ပြေသွားပါတယ်။ အပွင့်လင်းဆုံးပြောရရင် တာ
ဝန်ခံအသစ်က အတတ်နိုင်ဆုံးအပြေပြစ်ဆုံးပြောဆိုဆက်ဆံပေမဲ့ စိတ်နည်းနည်းရှုပ်နေတဲ့မျက်ပြ
နှာမျိုးနှင့် မနေ့ကဖြစ်ခဲ့တဲ့ကိစ္စမတောင်းပန်သလို သူတို့မလွန်သလိုပါပဲ။ ထုံးစံအတိုင်းမြန်မာ
ပြည်ပီသပါတယ်။ နောက်ကျမက ပွဲပြီးမှဘာမှလုပ်လို့မရတာမို့ ထပ်ပြီး confirmလုပ်ပါတယ်။
နောက်ခံဖဲပြားနဲ့စာတမ်းအရောင်ကို ကျမရဲ့ဖိတ်စာရောင်အတိုင်း ရွှေအိုရောင်အတိကျလုပ်ပေးဖို့
အထူးခုံတွေရဲ့ဖဲပြားစည်းတွေလည်းအရောင်တူလုပ်ဖို့ပါ။ အဒေါ်က အဲလိုလည်းပြောလို့ရတယ်
လားလို့ဆိုပါတယ်။ တူမမင်္ဂလာဆောင်မှာအတွေ့ကြုံရသွားတယ်လို့ဆိုလို့ ပြုံးရပါသေးတယ်။

နောက် ကျမက တေးဂီတကိုလည်း ဆူညံဝုန်းဒိုင်းကြဲနေတာကို ခံစားလို့မရတာမို့ သီးသန့်မငှား
ပါဘူး။ နောက်တခု ပန်းကိုလည်းကျမက ဟိုတယ်ကပေးတဲ့ဆားဗစ်စ်အပြင်မသုံးပါဘူး။ ပိုက်ဆံ
လား သန်းခေါင်ထက်ညမနက်ပါဘူးရှင်။ မပေါပေမဲ့ သိန်းဂဏန်းအနည်းငယ်ထပ်ထုတ်လိုက်ရုံမို့
လုပ်လည်း ရပါတယ်။ ဒါပေမဲ့ ကျမစိတ်ထဲမှာ တေးဂီတကတော့မကြိုက်လို့မလုပ်ဘူး။ ပန်းက
တော့ ဒီလောက်နာမည်ကြီးဟိုတယ်ကြီးငှားပြီး ဘာကြောင့်များငွေကုန်ခံကျမက ထပ်ထည့်
ချဲ့ရမှာလဲ။ လှအောင်ပြင်ပေးရမှာသူတို့တာဝန်ပေါ့။ ဟုတ်တယ်မဟုတ်လား။ မလိုတဲ့နေရာ
သုံးတာဟာ ဖြုန်းတာမို့မကြိုက်ပါဘူး။ ပြီးတော့ နိုင်ငံရပ်ခြားမှာ ပန်းကန်ဆေးတဲ့အချိန်ပိုင်းအ
လုပ်ကစပြီး လုပ်ဖူးတာမို့ ခုတော့ကော်လာဖြူပေမဲ့ ကိုယ်ရှာတဲ့ငွေ တပြားတချပ်တိုင်းကို တန်
ဖိုးထားတယ်ရှင့်။ မုန့်၅မျိုးကတော့ နည်းနည်းမှမနှမြောပါဘူး။ ဒါဟာ လာချီးမြှင့်ပေးတဲ့ဆွေ
မျိုး မိတ်ဆွေတွေကို ပြုရတဲ့ အလှူဒါန ဒါကြောင့်သဒါ(ဓ)သုံးတန်နှင့်အညီကို သုံးပါတယ်။



သူငယ်ချင်းနှင့်စကားပြန်နှောင်းပြောတဲ့အခါ သူငယ်ချင်းကသူ့တုံးကကြုံခဲ့တာကိုဖောက်သည်
ချပါသေးတယ်။ စုံစမ်းတဲ့အခါ သေချာတောင်မေးတာနားမထောင်ပဲ အမယူဖြစ်မှာလား မယူရင်
တခြားလိုချင်တဲ့သူတွေအများကြီးရှိလို့ဆိုပဲ။ ဆီဒိုးနားကဗမာပြည်မှာ သိပ်ဟော့တာကိုးရှင်။
နောက်နှစ်အနည်းငယ်ကြာလို့ ဟိုတယ်တွေအပြုံလိုက်ဝင်လာပြီး ဆားဗစ်စ်တွေအပြိုင်ဆိုင်
ဖြစ်လာတဲ့အခါ ပြုတ်ပြုတ်ပြုန်းသွားမှာမြင်ယောင်မိပါသေးတယ်။

ဒီနေရာမှာစကားမစပ် ဟိုတလောက ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအချို့ကို နိုင်ငံခြားရင်းနှီးမြုပ်
နှံသူတွေ ၀င်မလာဖို့ဆန္ဒပြမယ်ဘာညာကြားလိုက်သေးတယ်။ ကျမကအဲသည့်တုံးကမခံချိမခံ
သာပြုံးမိသေးတယ။်ကိုယ့်ဘာသာအရင် ဆားဗစ်ကိုသေချာပေးတတ်အောင်ကြိုးစားပြီးမှကန့်
ကွက်ပါလို့။ အဲလိုပြောရင် မျိုးချစ်တွေအတော်များများကျမကိုစိတ်ဆိုးကြမယ်ထင်တယ်ရှင့်။
အထူးသဖြင့်ကျမလိုနိုင်ငံခြားသားနှင့်လက်ထပ်ထားသူကပြောရင် ပိုလက်ညိုးထိုးကြမယ်ထင်
ပါတယ်။ သြော် မျိုးချစ်၊ ပြည်ချစ်များ ယှဉ်ချင်လျှင် တစားပွဲတည်းမျက်နှာချင်းဆိုင်ထိုင်ပြီး ဘယ်
သူပိုချစ်တယ်ဆွေးနွေးပြိုင်လိုက်ချင်ပါသေးတယ်။ဒါပေမဲ့ကျမက မျက်ကန်းမျိုးချစ်တော့မဟုတ်
ဘူး။ တိုင်းပြည်ကိုတကယ်ချစ်ရင် တိုင်းပြည်အတွက်ကိုသေချာစဉ်းစားရမှာပါ။ လူတစ်ဦးတိုင်း
ဟာ မိမိကိုယ်ကို ကောင်းစွာစောင့်ထိန်း ရှင်သန်နေထိုင်ခြင်းဟာလည်း တနည်းအားဖြင့် တိုင်း
ပြည်အကျိုးပါပဲ။
ကျမဆိုလိုတာက ပြည်သူပိုင်လုပ်ငန်းတွေအတွက် ကာကွယ်ပေးရမယ့်အပိုင်းတွေ၊ ကန့်သတ်
ပြီး သီးခြားလုပ်ပိုင်ခွင့်သာပြုရမယ့်အပိုင်းတွေရှိတာအမှန်ပါ။ ဒီလိုအပိုင်းတွေမှာ စနစ်တကျကို
စည်းကမ်းတင်းကျပ်စွာ ပြည်သူပိုင်လုပ်ငန်းတွေကိုကာကွယ်ပေးရမှာပါ။ ခွင့်ပြုသင့်တဲ့အပိုင်း
ကိုလည်း ခွင့်ပြုပြီး နိုင်ငံကို တိုးတက်စည်ပင်လာအောင်လုပ်ရမှာပါ။ ချွေးနဲ့သွေးနဲ့ကိုယ်ရှာတဲ့
ငွေကို သုံးပြီး တန်ရာဝန်ဆောင်မှုတော့ ရသင့်တာပေါ့ရှင် နေရာတိုင်းမှာ။

ဥပမာ ဗမာပြည်မှာ တဦးချင်းဆီကဖြစ်နေတဲ့ လုပ်နေကျတဲ့ ၀န်ဆောင်မှုဟန်ပန်နှင့်ဆက်ဆံမှု
တွေ၊ နောက်ဆုံးတော့ ဗမာပြည်က အဲလိုပြည်၊ အဲလိုလူမျိုးတွေဆိုပြီး အကဲဖြတ်သတ်မှတ်ခံ
လိုက်ရတာပဲ။ အထူးသဖြင့် နိုင်ငံခြားသားနှင့်ဆက်ဆံနေသူတွေက သိနေကြမှာပါ။ မိမိကိုယ်
တိုင် တဦးတည်းရဲ့ ကျင့်ဝတ်၊ စိတ်ဓါတ်၊ စေတနာကိုတောင် မတည်ဆောက်နိုင်သေးပဲ တိုင်း
ပြည်အတွက်လို့ ထအော်နေလည်းဘာမှဖြစ်မလာနိုင်ပါဘူး။ ဂျပန်ဟာကမ္ဘာမှာကောင်းသတင်း
ကျော်တဲ့အထဲ လူမျိုးစုတခုလုံးက ကျင့်ဝတ်ကိုလိုက်နာကြတာဟာ တချက်ပါပဲ။ ဒီလိုပါပဲ
ဘယ်နိုင်ငံမဆို မကောင်းတာတွေလည်းရှိတာပေါ့ရှင်။

စကားမစပ် ကျမနိုင်ငံခြားသားနှင့်လက်ထပ်တဲ့အကြောင်းပြောရရင် ကျမက နိုင်ငံခြားသားနှင့်
လက်ထပ်တယ်ဆိုတဲ့အယူကို ဘယ်လိုမှလက်မခံခဲ့သူပါ။ သို့ငြားငယ်စဉ်ကပါ။ ဒါပေမဲ့ကျမ
ကြီးပြင်းတော့ မြန်မာပြည်ကလူအများမိရိုးဖလာ ကိုးကွယ်ကြတဲ့ဗုဒ(ဓ)ဘာသာ ၊ ငါစွဲမထားရ
ဘူးလို့ဆုံးမထားပေမဲ့ သိပ်ကိုလေးစားဖို့ကောင်းတဲ့ဗုဒဘာသာတိုင်းပြည်ဗမာပြည်မှာ ငါမှ
အမှန်၊ ငါပြောတာသာအမှန်တွေသိပ်များတာကိုသတိထားမိတယ်။ အယူဆမတူသူသည်ရန်သူ
ဒါတွေကိုကျမခံစားလို့မရဘူး တကယ်တမ်း ဘုရားဟောသလို ငါစွဲချွတ်ဆိုသလို ငါ့လူမျိုး
ငါ့ဘာသာ ဆိုတဲ့ထိပါကျွတ်မှာမို့ ဒီလိုတရားရှိတဲ့ဘာသာတရားမို့ အာဖဂန်နစ္စတန်တို့ အိန္ဒိ
ယတို့ အင်ဒိုနီးရှားတို့လို ယခင်က ဗုဒဘာသာအလွန်ကိုထွန်းကားခဲ့တဲ့ဒေသတွေမှာ ဗုဒဘာ
သာ တိမ်ကော ကွယ်ပျောက်ခဲ့ရတာလို့ထင်ပါတယ်။ ကျမကိုယ်ထဲမှာလည်း ဗမာစစ်စစ်သွေး
ဆိုတာမရှိဘူး။ တိုင်းရင်းသားရော လူမျိုးခြားရောရောနေခဲ့တယ်။ သမိုင်းအရ လူမျိုးတခုမတိမ်
ကောစေဖို့ဆိုတာသိပ်ကိုအရေးပါပါတယ်။ ဒါပေမဲ့ ဗုဒဘာသာအရတွေးရင် အားလုံးဟာဘာမှ
မဟုတ်တာမို့ အနတ္တသဘောမို့ အရေးမပါပြန်ဘူး။ ပျောက်ချိန်တန်ပျောက်မှာပဲ။ ဒါကြောင့်
ကျမမှာ မျက်ကန်းမျိုးချစ်စိတ်မရှိဘူး။ သို့ငြား ကျမခံယူထားတာ ကျမဟာ ဗမာပဲ။ ဗမာသွေး
အများကြီးကျမကိုယ်ထဲစီးဆင်းနေတယ်။ ဒါ့ထက်ကို လူဟာ လူလူချင်းစာနာရမယ် ဖေးမရ
မယ် လူ့အကျိုးကိုပြုရမယ် ရှင်သန်နေထိုင်သွားတဲ့ဘ၀သက်တမ်းခဏတာမှာ အကျိုးရှိစွာ
နေထိုင်သွားရမယ်။ ကမ္ဘာပေါ်က ဘယ်နိုင်ငံက ဘယ်လူမျိုးမဆို ကျမစိတ်ထဲ အတွေးထဲမှာ
ငါ့လိုလူတစ်ဦးဆိုတဲ့အတွေးထက်မပိုဘူး။ ဒါကြောင့် ကျမနှင့်စိတ်ဓါတ်၊ ခံယူချက်ခြင်း
ကိုက်ညီတဲ့ ခင်ပွန်းသည် သူနှင့်ဆုံတွေ့တဲ့အခါ ကျမစိတ်ထဲ ပြောတဲ့ဘာသာစကားသာ
ခြားနေတယ်။ သူနှင့်ကျမ လူမျိုးခြားနေတယ်ဆိုတဲ့အတွေးဟာ လုံးဝကိုရှိမနေခဲ့ပါဘူး။
ဒါကြောင့် ကျမလူတယောက်ဟာ လူတဦးဖြစ်တဲ့သူနှင့်မေတ္တာသက်ဝင်လက်ထပ်ခြင်းပါ။
အရာအားလုံးဟာ ဒီ့ထက်မပိုပါဘူး။ ဒီ့အတွက်ကျမဟာ နိုင်ငံခြားတိုင်းပြည်တခုနှင့်ဆက်နွယ်
ပတ်သက်လာရတယ်။ ကျမဂျပန်မှာနေထိုင်နေစဉ် သူတို့နိုင်ငံသားတွေရတဲ့အခွင့်ရေးကျမ
အကုန်ရခဲ့တယ်။ ကျမနှင့်ကြုံဖူးသူတွေ ဆိုရလျှင် ရုံးတို့ဘာတို့မှာ ခဏတာကြုံခဲ့ဖူးသူတွေ
တောင်မှ ကျမအပေါ်ကောင်းကြ စေတနာထားခဲ့ကြ လုပ်ပေးခဲ့ကြတာမျိုးကြုံခဲ့ရတယ်။
ဒါကြောင့်ကျမဟာ ကျေးဇူးသိပ်တင်တယ်။ ဒီကျေးဇူးတရားကို မမေ့ဘူး။ ဒါကြောင့် အမြဲ
တမ်း မွေးဖွားကြီးပြင်းခဲ့ရာ ဗမာနိုင်ငံအတွက်ပဲ စဉ်းစားခဲ့ဖူးတဲ့ကျမဟာ အကျိုးပြုချင်တဲ့
နိုင်ငံတစ်ခုပိုလာပါတယ်။ ဒုတိယဟာ ဂျပန်နိုင်ငံပါပဲ။ ချုပ်ရလျှင် ကျမဟာ ကျမလိုလူတဦး
နှင့်သာ လက်ထပ်ထားသော လူတဦးပါ။ ကျမအတွေးထဲ ဒါ့ထက်မပိုပါဘူး။

နောက်ပြီး ကျမတို့မင်္ဂလာစင်မြင့်ပေါ်မုန့်လာချတဲ့အခါ ခွံ့ကျွေးတဲ့ရေခဲမုန့်ကိတ်တခုပဲ
လာချတယ်ရှင်။ ဒါဟာထုံးစံပဲလား။ စားချိန်ရရမရရ၊ စားမယ်မစားဘူးဆိုတာသတို့သား
သတို့သမီးကဆုံးဖြတ်မှာပါ။ သတို့သားသတို့သမီးလည်း ဗိုက်ဆာတတ်ပါတယ်ရှင်။ နိုင်ငံ
ခြားကမင်္ဂလာပွဲတွေမှာတော့ သတို့သားသတို့သမီးစားဖို့အတွက် ဟိုတယ်လ်တွေက
သတို့သားသတို့သမီးနှစ်သက်တတ်တဲ့အရာတွေနှင့် ဘ၀တသက်တာအမှတ်တရပွဲ
အမှတ်တရဖြစ်ဖို့ကို အထူးစီစဉ်ကျွေးမွေးတည်ခင်းတတ်ပါတယ်။ ကျမမူလတန်းသာသာ
က မေ့မေ့ညီမ ဒေါ်လေးမင်္ဂလာဆောင်က အဲသည့်တုံးက ထိပ်တန်းဖြစ်တဲ့ သမ္မတဟိုတယ်
မှာဆောင်ပါတယ်။ အဲသည့်တုံးကတောင် မုန့်တွေအစုံလာချသေးတယ်။ တခြားသတို့သမီး
တွေရောအတူတူပဲလားလို့ မေးကြည့်ချင်မိပါတယ်။


ဝတ်စုံ
ကျမအပါအ၀င်အားလုံးက စိတ်အပူဆုံးကတော့ဝတ်စုံပါရှင်။ အဒေါ်တွေမောင်နှမတွေအားလုံး
က ကျမ၀တ်စုံကိုစိတ်ပူနေခဲ့ကြပါတယ။် ကျမလည်း ၀တ်စုံကလေးတော့ ကိုယ်ကြိုက်တဲ့အ
ရောင် နှင့် ဒီဇိုင်းကိုကိုယ်တိုင်ရွေးချင်ခဲ့ပါတယ်။ မကြီးခင်စန်းဝင်းဆိုဒ်မှာသွားကြည့်ပြီးကြိုက်
တဲ့ဒီဇိုင်း ညီအမတွေကတဆင့်လှမ်းမေးတဲ့အခါ မရှိတော့တာတို့ လာမှရွေးလည်းရပါတယ်
ဆိုတာမို့ စိတ်မအေးရပါဘူး။ လက်လှမ်းမီသလောက် ၀တ်စုံတွေကြည့်တဲ့အခါ အဖြူကလွဲပြီး
အတော်များများက ပန်းရောင် ရွှေရောင် တောက်တောက်တွေချည်းမို့ ကျမမနှစ်သက်ပြန်ပါ
ဘူး။ ဒီလိုဖြင့် ကိုပြည်စိုးအောင်မင်္ဂလာဝတ်စုံပွဲတွေကို ဖေ့စ်ဘွတ်ခ်မှာကြည့်ပြီး တိုက်ရိုက်ဖုံး
ဆက်ငှားပြီးအဆင်ပြေသွားပါတယ်။ ၃သိန်းခွဲပါ။ ပုံမှန်ဆိုလျှင် သတို့သားဝတ်စုံပါဝင်ပြီးဖြစ်ပါ
တယ်။  ကျမကြည့်တဲ့ပုံက သတို့သမီးတဦးတည်းပုံမို့ သတို့သားဝတ်စုံကိုလည်းသူများတွေ
နည်းတူ၊အရောင်တူပဲလို့ထင်ခဲ့ငြား၊ရောက်လို့သွားတိုင်းတဲ့အခါအဖြူရောင်ဖြစ်နေခဲ့ပါတယ်။
စဉ်းစားကြည့်ပါရှင် အသားရောင် မြေပဲခွံရောင်သတို့သမီးဝတ်စုံဟာ အဖြူနဲ့တွဲလိုက်ရင်
အရောင်ပြဲပြဲကြီးဖြစ်သွားမှာပေါ့။ ကျမလက်မခံနိုင်ပါဘူး။ ပြောတဲ့အခါအသစ်ထပ်ချုပ်ရမှာမို့
တွဲပေးတာမယူပဲ ထပ်ချူပ်ခိုင်းရင် တသိန်းကျမယ်ဆိုပါတယ။် ကိုပြည်စိုးအောင်နှင့်တိုက်ရိုက်
ပြောဆိုညှိနှိုင်းတဲ့အခါ ၈သောင်းနှင့်အဆင်ပြေသွားပါတယ်။
ဒါလည်းပညာရပါတယ်။ သတို့သားအရောင်ကအစ သေချာ confirm လုပ်သင့်ပါတယ်။
ရိုးရိုးသားသားပြောရလျှင် ကျမစိတ်ဆိုးခဲ့ပါတယ်။ ဗမာပြည်ရဲ့ နိုင်ငံကျော်ဒီဇိုင်နာကြီးက မြေပဲ
ခွံရောင် ကို အဖြူရောင်နှင့်တွဲပေးထားတဲ့အတွက်။ ပွဲမှာ အရောင်ပြဲပြဲကြီးဖြစ်သွားမှာတွေးရုံ
နှင့်မြင်ယောင်တာကို သူအဲလိုစပ်ထားရသလားဆိုပြီး။
ဒါပေမဲ့ ကိုပြည်စိုးအောင်ဟာ အလွန်ဆက်ဆံရေးကောင်းပါတယ်။ သူ့ကိုကျမသိပ်ချီးကျူးတဲ့
အချက်ဟာ စတင်ဖုံးဆက်သွယ်ဆက်ဆံကတည်းက စကားပြောတာ အလွန်ယဉ်ကျေးသိမ်
မွေ့ပါတယ်။ သူကကျမကိုပြေလည်အောင်ညှိပေးတာမို့ စိတ်ဆိုးလည်းပြေသွားပါတယ်။
နောက်ကျမပုဝါကိုလည်းသူက အသစ်ချူပ်ပေးထားတာ အင်မတန်လှတယ်လို့ ခံစားမိပါတယ်။

မိတ်ကပ်
မိတ်ကပ်ကမကြီးခင်စန်းဝင်းပါ။ ကျမသိပ်ကျေးဇူးတင်တယ်ရှင့်။ ကျမတို့အဖွဲ့ လက်စွပ်ဗန်းကိုင်
ပန်းကြဲနှင့် ပန်းကိုင်လေးဦး အားလုံးအမျိုးသမီးတွေချည်းပါ။ အားလုံးဟာ လှနေအောင်ပြင်ပေး
ထားပါတယ်။ အလွန်ကို စိတ်တိုင်းကျပြီးအလွန်ကျေးဇူးတင်ပါတယ်။

လက်ဝတ်ရတနာ
ဗိုလ်ချုပ်ဈေးက၀တ်မှုန်မှာကျမဌားပါတယ်။ တဆက်လုံး ရသောင်း
ပါ။ သူမလည်းဆက်ဆံရေးအလွန်ကောင်းပါတယ်။ သဇင်ခက်လိုဆံထိုး၅ချောင်း၊လည်ဆွဲတခု
နားကပ်တစုံ၊လက်စွပ်၂ခု၊လက်ကောက်၂ခုပါ။
ကျမဆံထုံးကကြီးတော့ဆံထိုးကမမြိုင်သလိုဖြစ်သွားတော့ မကြီးစန်းအဖွဲ့ကဆံထိုး၂ချောင်း
ထပ်စိုက်ပေးပါတယ်။
သို့ငြားပွဲအပြီးမှာ ကျမဆံထိုးပြန်အအပ်မှာ ၂ချောင်းကို ၃ချောင်းလို့ဆိုပါတယ်။ ၃ချောင်းငှားခ
တသောင်း၊ ပျောက်တဲ့တချောင်းအလျော်ပါ။ သည်အခါ ပွဲပြီးတာနဲ့ ပစ္စည်းတွေအားလုံးတခုစီ
သေချာဖြုတ် သပ်သပ်ရပ်ရပ်ခွဲသိမ်းတဲ့ကျမ၊ သိပ်သေချာတာမို့၊ဒါမဖြစ်နိုင်ဘူး၊ကွန်ဖန်းပြန်လုပ်
ပါဆိုပြီးပြောခဲ့ပါတယ်။ နောက်ရက် မိတ်ကပ်ပြင်ပြီးစစကားလှမ်းအပြောနောက်ကျောခိုင်းသွား
တဲ့ကျမဓါတ်ပုံထဲမှာဆံထိုးက ၂ချောင်းပဲရှိပါတယ်။ ကျမပုံကို အိမ်မှာပဲချက်ချင်းဓါတ်ပုံပရင့်
ထုတ်ပြီး နောက်ရက်သွားတဲ့အခါပြဖို့ အိတ်ထဲဆောင်ထားပေမဲ့ ၂ရက်ခန့်အကြာဖုံးလာပါ
တယ်။ ၂ချောင်းမှန်ကန်ပါကြောင်း။ ငှားခ တသောင်းဖြစ်ကြောင်း။ အဲတော့ကျမလည်းပြောပါ
တယ် ၃ချောင်း ၁သောင်း။၂ချောင်း ၇ထောင်ပေါ့လို့။ အဲလိုနဲ့၇ထောင်ဖြစ်ပါတယ်။ ဒါပေမဲ့
ကျမနားမလည်တာက ပုံမှန်တွက်တဲ့အမောင့်ကို ကျမက ဘာလို့ထပ်မညှိလို့မဖြစ်ရတာလဲ။
ပြီးတော့ ပြောခံရတဲ့နေ့ ဟုတ်လား အင်းဆိုပြီးလျော်ခဲ့ရင် ကျမပေးခဲ့ရမှာပါပဲ။
ဒါကြောင့်လက်ဝတ်ရတနာစတာတွေလည်း သေချာစစ်ကြပါ။

ဓါတ်ပုံကိုဝဏ(ဏ)ခွာနီး
သူ့ကိုတော့ကျမကပြန်တောင်းပန်ရမယ်ထင်ပါတယ်။ ကာယကံရှင်ကတော့သတိပြုမိချင်မှ
ပြုမိမှာပါ။ ပထမတချက်က ကျမမောင်နှမနှင့်သူငယ်ချင်းတွေ ဓါတ်ပုံရိုက်တာတွေရှိလို့ သူ
စိတ်ကွက်မှာစိုးမိတယ်ရယ်။ အမျိုးတဦးက မသိဘဲ ပုံတွေစွတ်မရိုက်နဲ့စွတ်ကျနေမယ်ဆိုခဲ့
လို့ပါ။ တောင်းပန်ပါတယ်ရှင်။
ကိုဝဏ(ဏ)ရိုက်တာက အဲလိုစတိုင်မဟုတ်ဘူးရှင့် ၁ပုံ၁ထောင်နှုန်းဖြင့်ပုံ၁၀၀အနည်းဆုံး
မှာ ကျမက ၁၅၀၀န်းကျင်ခန့်လို့ဆိုပြီးရိုက်ပါတယ်။ သူရိုက်ထားသမျှပုံကိုသွားကြည့်ပြီး
ကိုယ်ကြိုက်တဲ့ပုံရွေးပြီး ယင်းအရေတွက်ကိုငွေချေပြီးပုံထုတ်ပေးတာပါ။ အလေလွင့်လုံးဝ
မရှိပါဘူး။ မကြိုက်တဲ့ပုံ ပယ်လိုက်ရုံပါပဲ။ ဦးဆုံးစကားပြောထားတဲ့ အနည်းဆုံးပုံအရေ
တွက် ယူပေးရင်ရပါတယ်။
ဗွီဒီယိုက ၂သိန်းခွဲပါ။ ကျမတောင်ခုထိမကြည့်ရသေးပါဘူး။
ဓါတ်ပုံတွေကတော့ အတော်လှတယ်လို့ခံစားရပါတယ်။ ကျေးဇူးသိပ်တင်ပါတယ်ရှင်။

ကျေးဇူးတင်စကား
နောက်ဆုံးပိတ်ကျေးဇူးသိပ်တင်ဖို့ကောင်းတာကတော့ သဘောထားကြီးကြတဲ့ကျမကိုချစ်ခင်
ပေးကြတဲ့ လာရောက်ချီးမြှင့်ပေးကြတဲ့ဆွေမျိုး၊ ဆရာသမားနှင့် မိတ်ဆွေသူငယ်ချင်းများပါပဲ။
၅ရက်အလိုမှရောက်ပြီး အထစ်အငေါ့တွေနှင့် ဟိုတယ်ရော ၀တ်စုံရော အခါခါ တောင်နှင့်
မြောက်ပြေးခဲ့ရတဲ့ကျမ၊ ဦးကျော်စိုးဦးနှင့်လည်း ပြေးတွေ့ရပါသေးတယ်။ ဦးကျော်စိုးဦးဟာ
လည်းအလွန်ရည်မွန်သဘောကောင်းပါတယ်။
ဦးဆုံး အကျဉ်းချုံးလိုက်မယ်လို့စိတ်ကူးတဲ့ကျမ လူ၂၀၀ပဲ ဦးဆုံးဘွတ်ကင်လုပ်ထားခဲ့ငြား
နိုင်ငံအသီးသီးက သူငယ်ချင်းအတော်များများ ပြန်လည်ချိန်ဖြစ်ပြီးလာမယ်ဆိုတာရော၊
မတွေ့တာကြာပေမဲ့ ဖိတ်စာလည်းလာမပေးနိုင်တော့ဘူး ခွင့်လွှတ်ပါလို့ ဖုံးဆက်ဖိတ်ရုံနှင့်
လာမှာပေါ့ လို့ပြောပေးကြတဲ့ သူနှင့်ကျမရဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် ရောက်တာ
နှင့်ကျမ ၃၀ဦးထပ်တိုးပြီး 230ဦးစာငွေချေလိုက်ပါတယ်။ အရံက ၂၀ဦးပြင်ပေးထားပြီး၊ ပွဲ
ကျင်းပတဲ့အခါ ဟိုတယ်ခန်းမထဲမှာပါ ဧည့်ခံရသည်အထိ လူလျှံသွားပါတယ်။ ၃၀၀နီးပါး
ဖြစ်သွားပါတယ်။ အဲလိုမှန်းသိရင် ဘောရွမ်းကြီးပဲယူလိုက်ပါတယ်ရှင်။
ဒါကြောင့် တကယ်ပွဲကျင်းပမှပဲ တချို့တွေလည်းဝေးနေပေခဲ့ကြပေမဲ့၊ တချို့တွေလည်းအလွန်
ကိုမအားလပ်တဲ့ကြား နွေးနွေးထွေးနဲ့လာပေးကြတာမို့ ကျမမိတ်ဆွေသူငယ်ချင်းတွေရဲ့ ကျမ
အပေါ်ခင်မင်မှု နွေးထွေးမှုကို ဖော်မပြတတ်အောင်ပဲ ၀မ်းသာ ပျော်ရွှင်ပြီး ကျေးဇူးအထူးတင်မိ
ပါတယ်။
သူငယ်ချင်းမိတ်ဆွေများအားလုံးကို အထူးကို ကျေးဇူးတင်ရှိပါတယ်ရှင်။

နောက်မှပဲ တခြားအတွေ့ကြုံလေးတွေဆက်ပါဦးမယ်နော်

အားလုံးပဲ ပျော်ရွှင်ပါစေရှင်



Jan 26, 2013

2013ခုနှစ်၊ ဇန်န၀ါရီ၊ မြန်မာပြည် နှင့် ကျမ (1)

2012ခုနှစ် ဒီဇင်ဘာနှင့် 2013ခုနှစ် ဇန်န၀ါရီဟာ ကျမဘ၀ရဲ့ ကြီးကြီးမားမားအချိုးအကွေ့
တနည်းအားဖြင့် ဘ၀ရဲ့အမှတ်တရ မှတ်တိုင်နှစ်ခုရှိခဲ့တယ်လို့ဆိုရပါမယ်။

ကျမနှင့်သူရဲ့အိမ်ထောင်သက်တမ်း ၄နှစ်ပြည့်ပြီးနောက် 2012ခုနှစ် ဒီဇင်ဘာလမှာမြန်မာပြည်
အလည်နှစ်ပတ်ခန့်ပြန်ပြီး၊ ကျမနှင့်သူရဲ့မင်္ဂလာဧည့်ခံပွဲကိုကျင်းပခဲ့ပါတယ်။ နှစ်အတန်ကြာ
ဝေးနေခဲ့ရတဲ့ မြန်မာပြည်ဟာ ပြောင်းလဲနေမှုများစွာဖြင့် ကျမရင်ထဲမှာလည်း ရေးချင်သော
အကြောင်းအရာတွေများစွာ ရင်မှာပိုက်ပြီး ပြန်လာခဲ့ရပါတယ်။

ခေါင်းစဉ်တွေခွဲရေးလျှင်တောင် ပို့စ်တွေမနည်းဘူးရေးဖြစ်မှာလို့ ထင်ပေမဲ့ အနှစ်ချူပ်ပြီး
မရေးဖြစ်တာလည်းကြာပြီမို့ ၂၀၁၂ခုနှစ်အကုန် ၂၀၁၃ခုနှစ်အကူး အထိမ်းအမှတ်နဲ့ ခံစားရသမျှ
ပေါ့ပေါ့ပါးပါး ဒီပို့စ်လေးမှာ ရောထွေးခြုံငုံရေးလိုက်ပါတယ်။

မင်္ဂလာဆောင

ဖေ့စ်ဘွတ်ခ်မှငယ်ပေါင်းနှင့်ကာလရှည်ကြာခင်မင်လာခဲ့ကြသော မိတ်ဆွေသူငယ်ချင်းအချို့က
ကျမလက်ထပ်ထားတာရော၊ မိသားစုဘ၀ကိုရော ဓါတ်ပုံတွေနှင့်အတူ သိနေကြတာမို့ မင်္ဂလာ
ဆောင်သတင်းကြားတဲ့အခါ ဘယ်လိုဖြစ်လို့ လေးနှစ်ကြာမှဆောင်သလဲလို့ အရယ်မောစွက်
ကာမေးကြပါတယ်။

မင်္ဂလာဆောင်ဆိုလျှင် ကျမလည်းသာမာန်မိန်းမသားတစ်ဦးပီပီ တသက်မှာတခါကျင်းပတဲ့
အထိမ်းအမှတ်ပွဲအဖြစ်၊ နောက်တခုက အိမ်ထောင်တခုအဖြစ်၊ နှစ်ဦးသားအတူတည်ဆောက်
တဲ့ကိုယ်ပိုင်မိသားစုဘ၀အစဖြစ်တာမို့ မင်္ဂလာဆောင်ကိုတော့ ဘာထက်မဆိုသပ်သပ်ရပ်ရပ်
လေး ကျင်းပချင်ခဲ့ပါတယ်။

ဒါပေမဲ့ သူနှင့်ကျမ ချစ်ကြိုက်ခါစက ကျမအဖေ၊အမေ၊မိသားစုက ကန့်ကွက်ခဲ့သလို၊ အိမ်မှာ
သူငယ်ချင်းအုပ်စုနှင့်အတူ မုန့်စားမဲ့ပွဲ သူ့ကိုခေါ်လာမယ်ဆိုတာတောင် အဖေကလက်မခံခဲ့
ပါဘူး။ ရယ်စရာကောင်းတာက အဖေက စိတ်အပူဆုံးဖြစ်ခဲ့တဲ့ သူဟာဂျပန်မှာအိမ်ထောင်ရှိနေ
တာမျိုးဖြစ်ရင်ဆိုတဲ့မေးခွန်းအတွက် သူဟာဂျပန်ကသူ့အမေဆီကိုတဆင့်ရပ်ကွက်ရုံးကထုတ်
လာတဲ့ ထောက်ခံစာတွေတောင်လက်တွေ့မှာ အဖေက မကြည့်ခဲ့ပါဘူး။ အတုလုပ်လို့ရတာ
ပဲဆိုတဲ့ အဖေ့စကားတခွန်းမှာ ကျမတို့နှစ်ဦးဟာရယ်ရခက် ငိုရခက်နဲ့။ ဂျပန်ကမိဘလာပြီး
တောင်းရမ်းရင် စဉ်းစားမယ်လို့ဆိုပေမဲ့ အဲသည့်အချိန် ခြေကျိုးလို့ အဖေဆေးရုံတက်နေရ
တာမို့ သူ့အမေကလည်းလာမပေးနိုင်ခဲ့ပါဘူး။ အဲလိုနဲ့ သဘောကောင်းတဲ့အမေနဲ့ညီမကို
သူ့ကောင်းကြောင်းတွင်တွင်ပြောပြီး ခဏလေးတွေ့ရုံလို့ အတင်းတောင်းဆိုပြီးသဘောတူညီ
မှုရသွားလို့ သူနဲ့တွေ့ပေးလိုက်တည်းက အမေနဲ့ညီမဟာ သဘောတူတဲ့ဘက်ကိုပြောင်းလဲ
သွားပါတယ်။ အဲလိုနှင့်သူနှင့်၁၅နှစ်ကျော်ခင်မင်လာတဲ့ ဂျပန်မှာနေတဲ့သူငယ်ချင်းအမက
ရန်ကုန်လာရင်း သူ့အတွက် ကျမမိဘတွေနှင့်လိုက်တွေ့ပေးပါတယ်။ ဖေဟာ နည်းနည်းစိတ်
အေးသွားပုံရပေမဲ့ လက်ထပ်ဖို့ထိ ခွင့်မပြုခဲ့ပါဘူး။

ကျမဟာလည်း မှန်တယ်ထင်ရင် ထင်ရာလုပ်သူမို့ သူနှင့်နှစ်ဦးသဘောတူလက်မှတ်ထိုးပြီး
ဂျပန်မှာလည်း လက်ထပ်စာရင်းသွင်းပြီး ဂျပန်ကိုသျှောင်နောက်ဆံထုံးပါခဲ့ပါတယ်။ နှစ်အနည်း
ငယ်ကြာတော့ဖေကအသိမှတ်ပြုလာပေမဲ့ ဆေးရုံတောက်လျှောက်တက်နေတဲ့သူ့အဖေ
ဆုံးပါးသွားတဲ့နောက် ကျောင်းပြီးလို့ ကော်လာဖြူအလုပ်စရတဲ့ကျမ ချက်ချင်းခွင့်ယူပြီးပြန်
ဖို့မဖြစ်တာမို့ ၄နှစ်ဆိုတဲ့သက်တမ်းကိုလွန်မှပဲ ကျင်းပဖြစ်တော့တာပါ။

ဆီဒိုးနား
(ဆီဒိုးနားသို့ရန်ကုန်မှာမင်္ဂလာပွဲကျင်းပလိုသူတွေအတွက် သတင်းအချက်လက်များ)

ဂျပန်မှာလည်း အလုပ်အပြောင်းအလဲနှင့်အတူ၊ မင်္ဂလာဆောင်မတိုင်မီ ၅ရက်အလိုမှာမှ ပြန်
နိုင်တဲ့ကျမ၊ ဖိတ်စာကအစ အစစအရာ ကိုယ်စားစီစဉ်ပေးတဲ့ အမကြီး၊ခဲအိုနှင့် ညီမငယ်တို့
ကို ကျေးဇူးတင်ရပါတယ်။ ရောက်တာနဲ့ဆီဒိုးနားမှာ မုန့်သွားရွေးပါတယ်။ အသိတဦးရဲ့မင်္ဂ
လာဆောင်မှာ အကြော်လွန်ပြီး တူးရောင်သန်းနေတဲ့ဆီဒိုးနားမုန့်ကစလို့စိတ်ပူနေခဲ့တဲ့
ကျမ နှစ်သက်ရာ မုန့်၅မျိုးရွေးချယ်ပါတယ်။

ရယ်စရာကောင်းတာက ကျမဂျပန်မှာရှိစဉ်တည်းက ၃လအလို ဘွတ်ကင်လှမ်းလုပ်စဉ်တည်း
က ဆီဒိုးနားက price planမသတ်မှတ်ရသေးဘူးဆိုတာပါပဲ။ နောက် အမကပြောပါတယ်။
၁၁လပိုင်းသတ်မှတ်မှာမို့ ဖုံးမဆက်ပဲ ဟိုတယ်လာပါ။ တကယ်လို့ ဈေးနှုန်းအသစ်မသတ်မှတ်
ရသေးရင် အရင်ဈေးနှုန်းဟောင်းဖြင့် ချက်ချင်းငွေချေသွားပါတဲ့။ ကျမမေးချင်တယ်။ ဆီဒိုးနား
ကလူတွေ ရူးနေသလားလို့။ ဘယ်လောက်မှန်းမသိတဲ့ ငွေထုပ်ကိုပိုက်ပြီး ဘာမုန့်မှန်းခုထိ
မသိသေးပဲ အဲသည့်နေ့ချက်ချင်းသတ်မှတ်ပြီး ချက်ချင်းရွေး ချက်ချင်းငွေအကုန်ချေ ကာယ
ကံရှင်ကျမက ဂျပန်မှာ။ ကိုယ့်မင်္ဂလာဆောင် ကိုယ်ကိုယ်တိုင် အနည်းဆုံးဓါတ်ပုံလေးပဲဖြစ်
စေ ကြည့်ပြီး ရွေးချင်တာပေါ့ရှင် ဘယ်သူမဆို။ ဒါပေမဲ့ နိုင်ငံခြားရဲ့ ခြေဖျားကိုမီလောက်တဲ့
ဆားဗစ်စ်ဟာ ဗမာပြည်ရဲ့ ကြယ်လေးငါးပွင့်ဟိုတယ်ကြီးမှာမရှိဘူးရှင်။ အထူးသဖြင့်ကျမ
အမျိုးသားက မြန်မာနိုင်ငံသားမဟုတ်တော့ ကျမက ရှင်းပြရတာသိပ်ခက်တယ်။ ဒါပေမဲ့
ကျမလာမှမုန့်ကြည့်ပြီး ငွေချေဖို့လက်ခံပေးလို့ကျေးဇူးသိပ်တင်ရပါတယ်။ ကျမကလည်း
ဂျပန်ရဲ့အကောင်းလွန်နေတဲ့ဆားဗစ်စ်တွေကိုအသားကျနေသူပီပီ customerသည် အဆင်
ပြေအောင်လုပ်ပေးသည်အထိတောင်းဆိုမည်ဆိုတာလက်ဝယ်ပိုက်သူမို့ထင်ပါတယ်။

အဲလိုနဲ့ စိတ်ပူလွန်ပြီး မုန့်၅မျိုးပဲရွေးလိုက်ပါတယ်။ အမှန်တော့ ၄မျိုးလောက်ကအကောင်းဆုံး
ပါ။ ၅မျိုးကအတော်များများကုန်အောင်မစားနိုင်ကြဘူး။ ၅မျိုးအပြင် ကိတ်ရေခဲမုန့်တခုနှင့်ကော်
ဖီ၊လဘ္ဖက်ရည်က အတွဲလိုက်မို့ပါ။
ဈေးနှုန်းကတော့ ခန်းမအပြင်ဆင်၊စာတမ်းထိုး၊တေးဂီတအပါဝင် လူအနည်းဆုံးဘယ်နှစ်ဦးဆန့်
ခန်းမ၊ တဦးကို (မုန့်၃မျိုး၊ရေခဲမုန့်၊ကော်ဖီလဘ္ဖက်ရည်နှုန်းဖြင့်)ဘယ်လောက်ဆိုပြီးတွက်တာ
ပါ။ 2012ခုနှစ်ဒီဇင်ဘာ၊ဈေးနှုန်းကတော့ လူ200အနည်းဆုံး၊ တဦးကို (မုန့်၃မျိုး၊ရေခဲမုန့်၊ကော်ဖီလဘ္ဖက်ရည်နှုန်းဖြင့်) ရှစ်ထောင်ကျပ်၊မုန့်၅မျိုးထိတိုးနိုင်ပြီးတမျိုးတိုးလျှင်၁ထောင်ကျပ်
လူတစ်ဦးလျှင် မုန့်၅မျိုးဆိုလျှင်တသောင်းကျပ်နှုန်းပါ။ ပွဲမစခင်နှစ်ပါတ်အလိုငွေအကြေချေရပါ
တယ်။ အရံခုံ၂၀ထားပေးပါတယ်။

မုန့်အတွက်ရွေးရင်း၊ငွေချေရင်းခန်းမကိုကျမလိုက်ကြည့်ပါတယ်။ ကံကောင်းချင်တော့မင်္ဂလာ
ပွဲတခုအပြီးပါ။ အဲသည့်မှစတာပါပဲရှင်လို့ပြောရပေမလားမသိပါဘူး။

မင်္ဂလာစင်ဘေးမှာ sound systemလို့သူတို့ခေါ်တဲ့ ဓါတ်ကြိုးတွေရှုပ်ရှုပ်နဲ့ စက်တွေတင်ထား
တဲ့စားပွဲက ရှိနေပါတယ်။ ဒီလောက်ငွေကုန်ကြေးကျခံကာ မြန်မာပြည်ရဲ့အဆင့်၂လောက်လို့
ဆိုလို့ရတဲ့ဟိုတယ်ကြီးတခုမှာလုပ်တဲ့ပွဲရဲ့အဆင်ပြင်က ကျမမျက်စိထဲရုပ်ဆိုးလွန်းနေပါတယ်။
ကျမကဆီဒိုးနားကလိုက်ပြပေးတဲ့တာဝန်ခံကို ဒီစားပွဲကိုမမြင်ရအောင်ရွှေ့ပေးဖို့ပြောတဲ့အခါ
ဒါ ပွဲတိုင်းအဲလိုပါပဲ။ ကြိုးတွေနဲ့ရွှေ့ပေးဖို့ရာမဖြစ်နိုင်ပါဘူးတဲ့။ အဲတော့ကျမကဘယ်လောက်
ရုပ်ဆိုးကြောင်းနဲ့ရွှေ့ပေးဖို့ပြောတဲ့အခါ ဒါလုပ်နေကျပါ။ အင်ဂျင်နီယာအဖွဲ့ကိုမေးကြည့်ပေး
မယ်တဲ့။ သူမစကားမှာအဖြေကပါပြီးသားပါ။ သူမကိုယ်တိုင်ကိုက ဧည့်သည်ကျေနပ်မှုရှိဖို့
အတတ်နိုင်ဆုံးလုပ်ပေးမယ်ဆိုတဲ့ စေတနာမရှိဘူး။ ကျမသာဆိုလျှင်ပေါ့လေ "ဟုတ်ကဲ့
အတတ်နိုင်ဆုံးညှိကြည့်ပေးပါမယ်မ ပြီးရင်အကြောင်းပြန်ပေးပါမယ်"ပေါ့ နောက်ဆုံးမရဘူး
ဆိုတဲ့အဖြေထွက်လာရင်တောင် ဖြေလို့ရဦးမယ်။ သူမကတော့မညှိခင်တည်းက ဒါဟိုတယ်
မှာလုပ်နေကျပုံစံ၊ မရနိုင်ဘူးက စပါတယ်။ နောက်သတို့သားသတို့သမီးထိုင်တဲ့ခုံကိုမြင်တော့
ကျမ ပါးစပ်အဟောင်းသား။ သာမာန်ဧည့်ခန်းတခုမှာ ဧည့်သည်ထိုင်ဖို့ခမ်းနားတဲ့ခုံတခုမျှသာ
လက်ရန်းက သစ်သားလက်ရမ်း၊ နောက်မှီနှင့်ထိုင်ခုံက ဆိုဖာ။ ခုံလဲပေးဖို့ကျမပြောတယ်။ ဒါ
လဲ တူညီတဲ့လေသံနဲ့အဖြေပဲရတယ်။ ဧကန္တ မြန်မာပြည်မှာ ဘယ်သူကမှ အဲလိုကွန်ပလိန့်
တက်ခဲ့ကြပုံမပေါ်ဘူး။ ဒါလုပ်နေကျပါတဲ့။ ဒါလဲကျမလက်မခံနိုင်ဘူးလို့။ အဲလိုနဲ့ ကကျိကွကျိ
ကျမကို မြင်ပြင်းကတ်ပုံပေါ်ပါတယ်။ ဟိုတယ်ဧည့်ခန်းမှာငွေချေတဲ့အခါ ကျမကထပ်ပြောပါ
တယ် အမကိုရအောင်ညှိပေးပါ။ တကယ်လို့ ညီမညှိမရရင် စီစဉ်ပေးလို့ရတဲ့အထက်လူကြီးကို
အမကိုယ်တိုင်ပြောမယ် နာမည်ပြောပါလို့။ ဟုတ်တယ်လို့ သူတို့ဟိုတယ်ကို ကျမကငွေပေးပြီး
လုပ်ရတာ ဧည့်သည်အဆင်ပြေအောင်အတတ်နိုင်ဆုံးညှိပေးရမှာ universal lawမဟုတ်ပါလား။
အဲတော့ သူမကပြန်ပြောတာ အလွန်သင်းပါတယ်။ ကျမကတာဝန်ခံ။ နောက်တာဝန်ခံအမည်ကို
ကျမပြောတော့ ကျမတို့တဘက်သ်တည်းတဲ့။ ပြောစရာရှိသမျှကကျမကိုပဲပြောပါတဲ့။ သြော်။
ဆိုရင်းကတော့ ကျမကမရဘူးဆိုမရဘူးပဲ ဆိုတဲ့သဘောပဲ။ ကျမလည်းပေါက်သွားတယ်။
ကျမတို့အထက်ကလူကြီးက နိုင်ငံခြားသားကခုမရှိဘူးတဲ့။

ပုံမှန်ဆိုနိုင်ငံခြားမှာကျမတို့အချိန်ပိုင်းအလုပ်တွေလုပ်တဲ့အခါဧည့်သည်အမျိုးမျိုးကြုံဖူးပါတယ်။
ဆိုးတဲ့ဧည့်သည်လည်းရှိတာမို့ ကိုယ်တွေ့လည်းကြုံဖူးတာမို့ ကိုယ်ကဧည့်သည်ဖြစ်တဲ့အခါ
မှာ ကိုယ်ချင်းစာပြီးအထူးသတိထားညှာတာလေ့ရှိတာမျိုးပါ။ ဒါပေမဲ့ကျမအနေဖြင့်တသက်မှာ
တခါပဲကျင်းပတဲ့မင်္ဂလာပွဲ။ ကျမသည်းခံနိုင်စွမ်းကုန်သွားတယ်။ကျမပြောမိတယ်။ အဲတော့ညီမ
ဆိုလိုတာက ညီမကိုမှပြောမရရင် တခြားဘယ်သူ့ကိုမှပြောမရဘူးဆိုတဲ့သဘောပေါ့နော်။
အဲဒါ အရမ်းကို လွဲနေတယ်။ ကဲ အမက ညီမရဲ့ ၀န်ဆောင်မှုကိုမကြိုက်ဘူး ညီမကိုမကြိုက်ဘူး
ဆိုရင် ဘယ်မှာကွန်ပလိန့်တက်ရမလဲ။ ဖွဲ့စည်းမှုအရ ညီမအထက်မှာ ရှိကိုရှိနေရမယ်။ အဲဒါ
ကိုညီမက ဒါကျမတာဝန်ခံတဲ့ပွဲ ကျမအပြင်ဘယ်သူ့ကိုမှသွားပြောလို့မရဘူးဆိုတော့အဲလို
စနစ် ဒီလိုဟိုတယ်ကြီးတခုမှာရှိနိုင်လားလို့။ အဲဘာပြောတယ်ထင်လဲရှင်။ သတင်းအချက်
လက်ကအမတို့သေချာမေးသင့်ပါတယ်တဲ့။ သြော်။ ပြီးတော့ ပွဲမစခင်ညီမတို့ဘက်ကအပြင်
ဆင်နဲ့ဆားဗစ်စ် မုန့်ကအစ ကတ်တလောက်တောင်းလဲမရှိ၊ အစတည်းက ညီမတို့ကတ်တ
လောက်ပြပြီး ကျမတို့က သည်လိုဆားဗစ်စ်ပဲပေးပါတယ်ရှင်လို့ဆိုရင် အမက ဒီဟိုတယ်မရွေး
ဘူးပေါ့။ဗမာပြည်မှာ ဟိုတယ်တွေအများကြီးရယ်။ အဲလိုနှင့်သူမက အမ ကျမညှိပေးကြည့်ပြီး
မှထပ်ပြောတာပေါ့လို့ ငွေယူပြီး၊ ကျမကို THANK YOU တခွန်းပြောပြီး သူကကောက်ခနဲ
ထထွက်သွားပါတယ်။

အဲတော့ကျမလည်း ဧည့်ကြိုကောင်တာသွားပါတယ်။ ကျမသူမရဲ့ဆားဗစ်စ်ကိုလုံးဝမကျေနပ်
ဘူး။ သည်လိုသည်လို တုံ့ပြန်တယ်။ ဂျပန်သို့အင်္ဂလိပ်လို ပြောလို့ရတဲ့တာဝန်ခံအခုချက်ချင်း
ခေါ်ပေးပါလို့။ အဲလိုနဲ့ မြန်မာဝန်ထမ်းတဦး တာဝန်ခံတဦးလာပြီးမေးမြန်းပါတယ်။
ကျမဆိုလိုတာက နောက်ဆုံးမလုပ်ပေးနိုင်ရင်တောင် ချေချေငံငံပြောပေါ့ရှင်။
အဲလိုနှင့်နောက်ရက်တာဝန်ခံပြောင်းပြီး ခုံအသစ်ကိုလိုက်ပြပေးပါတယ်။ စင်ဘေးကခုံကိုလဲ
အလှအကာတခုဖြင့် နံရံခေါက်ချိုးလေးလိုကာပေးပါတယ်။
အဲလိုဖြစ်ရမှာပေါ့ရှင်။ ဒါတောင် စင်ကစပ်ထားတဲ့ လေးထောင့်သံချောင်းတွေလိုဘောင်တွေ
ကစင်ကြမ်းပြင်မှာရှိနေပါတယ်။ ၀န်ထမ်းတွေကို နိုင်ငံခြားကဟိုတယ်တွေကို လေ့လာရေးသင်
တန်း ရက်အနည်းငယ်မဟုတ်ရင်တောင် အင်တာနက်က ပုံတွေပြပြီး သင်တန်းအရင်ပေးသင့်
တယ်ထင်တာပါပဲ။ ကျမဆိုလိုတာက ပိုက်ဆံတွေအများကြီးသုံးမှမဟုတ်ဘူး၊ တတ်နိုင်တဲ့လုပ်
နိုင်တဲ့အတိုင်းတာလေးထဲမှာပဲ သပ်ရပ်လှပအောင်လုပ်သွားသင့်တယ်လေ။

ဒါပေမဲ့ နိုင်ငံခြားဟိုတယ်တွေအပြိုင်ဆိုင် ၀င်လာလျှင်တော့ အပြိုင်ဆိုင်တွေများလာတာနှင့်
အမျှ ဆားဗစ်စ်တွေလည်းအလိုလိုပြောင်းသွားလိမ့်မယ်လို့မျှော်လင့်ရပါတယ်။
အဲလိုနှင့် တခါသွားရုံဖြင့် ပြီးမဲ့ကိစ္စဟာ ဟိုတယ်ကို ၃ခါလောက်သွားလိုက်ရပြီး ကျမရဲ့မင်္ဂ
လာပွဲမစခင် 5ရက်ခန့်ဟာ တချို့ဖိတ်ရမဲ့သူငယ်ချင်းအချို့မဖိတ်လိုက်နိုင်လောက်အောင်ပဲ
ဟိုပြေးဒီပြေးနဲ့ ချွေးပျံနေခဲ့ပါတယ်။

ဆက်ပါဦးမည်။

အားလုံးပဲပျော်ရွှင်ချမ်းမြေ့ပါစေရှင်


Oct 4, 2012

ကျမကိုမုန်းတဲ့သူ

ကျမနဲ့သူစတွေ့တာ မြေနီကုန်းက ဂျပန်စာ၊စာကြည့်တိုက်ဖွင့်ထားတဲ့ ဂျပန်စာကျောင်းလေးတခု
မှာပါ။ ဆံပင်လေးတွေကပါးပါးဖြောင့်ဖြောင့်နဲ့ ပြောင်းဖူးမွှေးရောင်လို အ၀ါရောင်သန်းသန်း
ခပ်တောက်တောက်နှင့်အရောင်တောက်တာတွေနှစ်သက်ဝတ်ဆင်လေ့ရှိပြီး၊စကားပြောလျှင်အသံနေအသံထားထက်ထက်မိုးဦးနဲ့ဆင်တယ်လို့ဆိုရမလားပဲ။ ဆိုရလျှင် ချစ်ဖို့ကောင်းပါတယ်။ ချိုလည်းအရမ်းချိုပါတယ်။ စာလည်းတော်ပြီး အဲသည့်အချိန်ကယင်းကျောင်းမှာ
ဝန်ထမ်းလုပ်နေပြီးဂျပန်စာအခြေခံတန်းတွေကို စာစသင်နေသူရယ်ပါ။ ကျမကိုမကြီး၊သမီးလို့
ချွဲချွဲလေးပြောတတ်တာမို့အချိုကြိုက်တဲ့ကျမ၊အိမ်ကညီမလေးကိုလည်း သိပ်ချစ်တတ်တဲ့ကျမ
သူ့ကို အတော်ချစ်ပါတယ်။ ကျောင်းမှာ တီရှပ်နဲ့ဂျင်းဘောင်းဘီအမြဲဝတ်ပြီး နဂိုမျက်ခုံးမွှေး
နက်နက်မှာ သနပ်ခါးကလွဲလို့တခြားအလှမပြင်တတ်တဲ့တည်ကြည်ပြီး ဘာမှအပိုသိပ်မပြောပဲ
နေတတ်တဲ့အခြားဝန်ထမ်းတဦးလဲရှိပေမဲ့ ဂျပန်စကားမကျွမ်းကျင်တာမို့ သူမကိုတည့်အောင်
ပေါင်းပြီး နဂိုစိတ်ထားကောင်းသူလဲဖြစ်တာမို့ အနွံတာခံပုံပါ။

မြေနီကုန်းကဂျပန်စာကျောင်းကလေးမှာ ကျောင်းမတက်လဲ စာအုပ်၊ သီချင်းခွေတို့ငှားလို့ရပါ
တယ်။အဲသည့်အချိန်ကကျမက တပတ်တခါလောက် ပျင်းရင်စာကြည်တိုက်သွား စာအုပ်
ငှားတတ်ပါတယ်။
တရက် ကျမ Moon Bakeryမှာ ကျမတဦးတည်းအတန်းတက်ဖို့စောင့်ရင်းကော်ဖီထိုင်သောက်
နေရင်း စာဖတ်နေတဲ့အခါ ယင်းဂျပန်စာကျောင်းက ဂျပန်အမျိုးသားလည်းရောက်လာပြီး
အတူထိုင်လို့ရမလားဆိုပါတယ်။ တခါနှစ်ခါ စကားတခွန်းစနှစ်ခွန်းစပြောဖူးတာရော ဘာများ
အကြောင်းရှိလဲမသိဘူးဆိုတော့ ဟုတ်ကဲ့ရပါတယ် လို့ဆိုတော့ စကားထိုင်ပြောမိရင်း ခင်မင်
သွားပါတယ်။

အနားကလမ်းမှာ IELTSသင်တန်းတက်တာရယ်မို့ ကျောင်းက အားလုံးနဲ့ခင်သွားတဲ့အခါ စာအုပ်
သွားငှားရင်း တခါတလေ စကားထိုင်ပြောတတ်ပါတယ်။ အဲလိုနဲ့ ကျောင်းက ဂျပန်စာသင်တဲ့
ဆရာမလေးပြန်သွားတာမို့ ကျောင်းမှကျန်နေခဲ့သူဂျပန်အမျိုးသားက ရုတ်တရတ်Level 2အတန်း
သင်ရဖို့ဖြစ်လာတဲ့အခါ၊မြန်မာစကားမတတ်ကျွမ်းတာမို့အားတဲ့အချိန်တွေ level 2 wordsတွေကို
ဘာသာပြန်ပေးဖို့ ကျမကို တရက် အားလုံးက ၀ိုင်းပြောပါတယ်။ အတင်းလုပ်ဖို့ပြောတဲ့ထဲ နော်
မကြီး နော် ဆိုပြီး သူမက ထိပ်ဆုံးကပါပါတယ်။ ကျမကြွေတာလည်းမဆန်းပါဘူး။
ကျမကသူ့ကို ဝေးတမြေက ကျမရည်းစားအကြောင်းကအစ အဆင်မပြေတာတွေကို ယုံကြည်
စွာ ရင်ဖွင့်ခဲ့ပါတယ။်

အဲလိုနဲ့ကျမက အားတဲ့အချိန်တွေ ကျောင်းမှာဘာသာပြန်ပြီး ကွန်ပျူတာနဲ့ရိုက်ပေးပါတယ်။

ပြောရလျှင် ကျောင်းမှာ ဦးဆောင်ဦးစီးရှိပေးနေတဲ့ ဂျပန်အမျိုးသားဟာ ကျမအိမ်ကိုဖုံးဆက်လာပါ
တယ်။ ကော်ဖီသွားသောက်ရအောင်။ ပြီးတော့ အမေ ဂျပန်မှာဆေးရုံတက်ရလို့ ဗေဒင်လိုက်မေး
ပေးပါ။ ပြီးတော့ မသိလို့ယတြာလိုက်ချေပေးပါစသဖြင့်ပေါ့။ သူက ကျောင်းမှာ လူတွေရှေ့မှာ
အဲလိုစကားတွေတခွန်းတပါဒမှ ဟလေ့မရှိပါဘူး။ ဂျပန်ထုံးစံအတိုင်း အလုပ်နဲ့ကိုယ်ရေးကိုယ်တာ
ကို ခွဲတဲ့သဘောလို့ ထင်ပါတယ်။

အဲလိုနဲ့ရည်းစားနဲ့ပြတ်စဲစကျမ တဖြည်းဖြည်း မသိလိုက်ပဲ ခင်မင်တွယ်တာလာတဲ့ သူနှင့် ချစ်
ကြိုက်မိပါတယ်။ ထုံးစံအတိုင်း ညနေပိုင်း လှည်းတန်းမှာကျမကြိုက်လေ့ရှိတဲက၀က်သားတုတ်
ထိုး၊အမဲအူပြုတ်နှင့် ရှမ်းစာတွေတူတူစားလေ့ရှိသလို၊အင်းယားမှာအကြော်စားပြီးလမ်းလျှောက်
ရင်းစကားပြောလေ့ရှိတာပေါ့။ ရွှေတိဂုံဘုရားလည်း အတူတူ ခဏခဏသွားဖူးလေ့ရှိပါတယ်။

ကျောင်းကလေးကပျော်ဖို့ကောင်းပါတယ်။ ကျောင်းသားတွေအားလုံးက၊ပျော်ပျော်ရွှင်ရွှင်နေလေ့
ရှိတဲ့၊ အမြဲစနောက်လေ့ရှိတဲ့သူ့ကို ချစ်ခင်ကြပြီး ဘာမဆို နောက်ပြောင်ပြောဆိုလေ့ရှိပါတယ်။
ကျမက အဖွဲ့ကျတာတို့ဘာတို့ သိပ်မမြန်တတ်တဲ့သူဆိုတော့ ပြုံးပြုံးနဲ့ တခွန်း၂ခွန်းပြောရင်း
ငေးကြည့်နေတတ်တာများပါတယ်။ အဲသည့်အထိ အားလုံးပျော်ရွှင်ဖို့ကောင်းပါတယ်။

နောက်ပိုင်းတော့ကျမတို့နှစ်ဦးကို အနည်းငယ်ရိပ်မိလာပုံပေါ်တဲ့သူမက ကျမကိုပြောပါတယ်။
အကျီ င်္သွားဝယ်ဖို့ရုံးအပြန်လိုက်ကြည့်ပေးပါလို့ဆိုလို့ သွားရင်းပါ။
သူမထက်အသက် ၁၇နှစ်လောက်ကြီးတဲ့သူကိုချစ်မိနေတယ် ဘယ်လိုလုပ်ရမလဲတဲ့။ ပြန်ကြိုက်
ရမလား မကြိုက်ရမလား ဆုံးဖြတ်ရခက်နေလို့တဲ့။ ကျမကအံ့အားသင့်သွားတယ်။ ရုတ်တရက်
ဆိုတော့ ကျမချစ်သူကိုပြောတယ်လို့လည်းမထင်ဘူး။ မြန်မာလူမျိုးပဲလို့ထင်မိတယ်။ စိတ်ထဲရှိ
တဲ့အတိုင်း အဲဒါစိတ်ကစားတာဖြစ်မယ် အဲလောက်ကွာရင် မကောင်းဘူး၊ ကိုယ်ကနုပျိုလှပတက်
ကြွတဲ့အရွယ်မှာ သူက အရမ်းအိုမင်းသွားမယ် ကြာလာရင်စိတ်ညစ်ရမယ်လို့ ရိုးရိုးသားသားပဲ
ပြောလိုက်မိတယ်။ စာလည်းတော်တဲ့သမီးကိုနှမြောတယ်လို့။ အဲဒီနေ့ကသူမကကြိုက်တဲ့အကျီင်္
တထည်ဝယ်တယ်။ ငွေမလောက်လို့ ကျမကပဲ တသောင်းဝန်းကျင်စိုက်ရှင်းလိုက်ရပါတယ်။ ငွေ
မပါပဲ ဈေးသွားဝယ်တဲ့သဘောကိုကျမကနားမလည်ဘူး။ အစတည်းက အပိုမပြောတတ်တဲ့
ကျမက လကုန်မတိုင်ခင်သုံးစရာရှိတယ် အဲသည့်ထိရတယ်လို့ဆိုရင်းကျမတို့ပြန်လာကြတယ်။
တကယ်တော့ ကျမစိုက်ထားလို့ရပါတယ် ဘယ်လောက်ကြာကြာ။ ဒါပေမဲ့ မိတ်ဆွေကောင်း
မဆုံးရှုံးချင်ရင် အစတည်းက စည်းတားရတယ်လေ။ ပြန်လာတော့ ကျမလဲအူလည်လည်နဲ့
အဲလောက်ကြီးတာ ကျမချစ်သူအသက်ပြန်တွက် သူမအသက်ကိုတွက် အပေါင်းအနှုတ်လုပ်ပြီး
ရလာတဲ့အဖြေက ၁၇ မှာ ကျမ မင်သက်အံ့သြသွားတယ်။ ပြန်ကြိုက်ရမလား မကြိုက်ရမလား
ဆုံးဖြတ်ရခက်နေတယ်ဆိုတဲ့ သူမစကားက အဲသည့်လူက သူမကိုကြိုက်နေတယ်ပေါ့။ ကျမက
ပွင့်ပွင့်လင်းလင်းသမားဆိုတော့ နောက်ရက် သူ့ကိုပွင့်ပွင့်လင်းလင်းပဲမေးပါတယ်။ အဲလို
ပြောတယ်လို့။ သူလဲ ဘာမှမသိတော့ တခြားလူလို့ထင်ငြားထင်မယ်။ နည်းနည်းတော့သူအနေ
ထိုင်ဆင်ခြင်သွားတယ်။ ဥပမာ ကျောင်းမှာမုန့်တခုခုစားရင် သူ့ပါးစပ်ထဲကို ၀န်ထမ်းမိန်းခလေး
၂ဦးက ခွံ့ကျွေးတာကျမမြင်တော့လန့်သွားတယ်။ ဘာလို့အဲလိုစားတာလဲလို့ကျမကစိတ်ဆိုး
တော့ သူကအံ့သြပြီး ဗမာပြည်မှာအဲလိုပဲကျွေးကြတာမဟုတ်ဘူးလားတဲ့။ ကဲ ကျမဘာသွား
ပြောရမလဲ။ ကျမကအဲလိုလေးတွေမလုပ်ရဖူး လို့ သူ့ကိုရှင်းပြလေ့၇ှိတယ်။

နောက်ကျမတို့နှစ်ဦး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ ကျောင်းက၀န်ထမ်း၂ဦးဖြစ်တဲ့သူမတို့
ကို coffee circleမှာ ကော်ဖီလိုက်တိုက်ရင်းဖွင့်ပြောတဲ့အခါ အပြန်လမ်းကစလို့နောက်ရက်တွေ
သူမက ကျမကို စကားမပြောတော့ဘူး။ အဲသည့်ညမှာ သူ့ဆီကိုပို့လာတဲ့သူမရဲ့မေးလ်အရှည်
ကြီးကို ကျမတွေ့လိုက်ရတယ်။ သူ့ရဲ့ရိုးသားအပြစ်ကင်းစင်မှုနဲ့ သူမရဲ့ဘက်ကိုလည်းမြင်လိုက်
ရတာမို့ စိတ်မကောင်းဖြစ်ရုံမှတပါး။ ကျမကို မခေါ်မပြောတဲ့သူမကို ကျမနားမလည်နိုင်ခဲ့ဘူး။
စိတ်ထဲမကောင်းဖြစ်နေမိတယ်။ ခင်မင်ရတဲ့ခလေးတယောက်စိတ်ထိခိုက်နေတယ်ဆိုတဲ့အသိနဲ့။

သူမက ဂျပန်စာကိုကျောင်းမှာတင်မက ပိတ်ရက်တွေမှာ အိမ်တွေမှာဝိုင်းသင်ပေးလေ့ရှိခဲ့တယ်။
အဲသည့်နောက်ပိုင်းကစလို့ စတွေ့စက ကျမကိုခင်ခင်မင်မင် ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ခဲ့တဲ့
ကျောင်းသားတွေဟာ မျက်နှာအရောင်တွေပြောင်းသွားကြတယ်။ မျက်လုံးထဲမှာဘယ်လိုမှအသား
မကျတဲ့အရိပ်တွေတွေ့ရတယ်။ ကျမကတော့ရိုးရိုးသားသားပဲ နိုင်ငံခြားသားနဲ့ကြိုက်လို့မနှစ်မြို့
ကြဘူးထင်တယ်လို့ တွေးရင်းစိတ်မကောင်းဖြစ်လေ့ရှိတယ်။

ကျောင်းမှာရုတ်တရက်ကျမကိုစကားမပြောတော့တဲ့သူမကို အားလုံးကနားမလည်နိုင်ကြဘူး။
အဲသည့်တုံးက အခြေနေတွေသိပ်ရှုပ်ထွေးနေသလို ကျမကဘာတွေဘာကြောင့်ဖြစ်နေတယ်ဆို
တာ တကယ်ပဲ လိုက်မမီနိုင် နားမလည်နိုင်ခဲ့ဘူး။

တရက်ကျမကအိမ်ကို ကျောင်းကအုပ်စုတွေအားလုံးကို မုန့်ဟင်းခါးစားဖိတ်ပါတယ်။ ကျမအိမ်ကို
ရောက်တဲ့အခါသူမက အမအိမ်ကကျောင်းကြီးလိုပဲနော်လို့ ဆိုပါတယ်။
ကျမတို့ကဘိုးဘွားလက်ထက်တည်းကနေလာတာမို့ အိမ်က ဟောင်းပါတယ်။ ဘုရားခန်းမှာကြွေ
ပြားခင်း၊ ကြွေပြားခန်းလုံးကပ်ပြီး၊ ဧည့်ခန်းမကြီးနဲ့တခြားဖေ့ရဲ့စာရွက်စာတမ်းတွေထားတဲ့အခန်း
တွေဆို အောက်ပိုင်းတပိုင်းကြွေပြားကပ်ထားပါတယ်။ မိုးတွင်းဆို မြက်တွေအများကြီးပေါက်လေ့
ရှိပါတယ်။ သူမဟာ ကျမအမျိုးထဲကတချို့လိုမျိုး သူဌေးရပ်ကွက်မှာ တိုက်ကြီးဟီးနေအောင်နေသူ
မို့ဖြစ်ပါလိမ့်မယ်လေ။ ဒါပေမဲ့မုန်တိုင်းတိုက်တဲ့အခါ ကျမအိမ်ကအုတ်ကြွတ်မိုးအနည်းငယ်
ပျက်စီးသွားပြီး သူမအိမ်က သွပ်ပြားခေါင်မိုးတွေလန်ထွက်လို့အိမ်အပေါ်မှာရွှဲရွှဲစိုပြီး အောက်ထပ်
မှာ လည်း ရေ၀င်လို့ သူများအိမ်သွားတည်းရတယ်ကြားတော့ ကျမနားကိုမယုံနိုင်ပါဘူး။


 နောက်တော့ သိပ်ခင်မင်တဲ့မိတ်ဆွေနှစ်ဦးက ကျမကိုတိုက်ရိုက်ပြောလာတယ်။ သူမနဲ့သတိထား
ပေါင်းနော်တဲ့။ ကျမမကောင်းကြောင်းတွေပြောနေတယ်လို့ဆိုတယ်။ အမတဦးဆို စခင်ခါစက အဲ
လိုတွေပြောတာကြားပြီး ကျမက သူ့ကိုအတင်းလိုက်ကြိုက်ထားတယ်ထင်တာတဲ့ နောက်ပိုင်းခင်
လာပြီး အကြောင်းသိတော့မှ မနေနိုင်လို့ ဖွင့်ပြောတာရယ်ပါ။ နောက်တဦးကတော့ သူငယ်ချင်း
အရင်းဖြစ်ပြီး တခြားသူငယ်ချင်းဆီကကြားလာပြီး လာသတိပေးတာရယ်ပေါ့။

ကျမက အတည့်သမား၊ ကွယ်ရာမှအတင်းလဲမပြောတတ်သူ။ ပြောစရာရှိလျှင်မျက်လုံးချင်းဆိုင်ပြီး
တည့်တည့်ပြောတတ်သူမို့ သူမကို Moon Bakeryမှာချိန်းပြီး ပွင့်ပွင့်လင်းလင်းပဲမေးပါတယ်။
သူမကမပြောဘူးလို့ ပြောပါတယ်။ ကျမကလည်းဆိုပါတယ် ဒါဆို အဲလိုကြားခဲ့တဲ့သူနှစ်ဦးနဲ့တူ
တူ ကော်ဖီသောက်ရင်း စကားပြောရအောင်လို့ ရှင်းရအောင်လို့ ဆိုတဲ့အခါ သူမ ရှိုက်ကြီးတငင်
ငိုပါတယ်။ ညီမလေးက တိုက်ရိုက်မပြောပါဘူး ပြောလာသူတွေရှိရင် အဲသည့်အချိန်တွေစိတ်ရှုပ်
နေလို့ အင်းလို့ပြောမိတာမျိုးပဲရှိတာပါတဲ့။ ကျမဘယ်လိုပြောရမလဲ။ လူတယောက်မကောင်း
ကြောင်းကို အင်းလို့ မဟုတ်မှန်းသိရက်ပြောတာကို။ အဲလိုနဲ့အဲလိုနဲ့ အတိုချုပ်ရလျှင် ကျမကို
အဲလိုတွေဆက်မပြောဖို့ပြောပါတယ်။ ပြောလာလျှင် ခုကစပြီးကျမကခွင့်လွှတ်မှာမဟုတ်ဘူး
လို့။ ဘာတုံ့ပြန်မိမလဲဆိုတာ ခုချိန်မှာမသိဘူးလို့။ အဲလိုနဲ့ကျမတို့ တန်းသွားကြတယ။်

အဲသည့်မှာကျမကအ၇င်ကမသိတာတွေ ရေးတေးတေးသဘောပေါက်လာတယ်။ သူက ကျမ
ရည်းစားဟောင်းအကြောင်းကို ကျမချစ်သူရှေ့ခဏခဏပြောတတ်တယ်။ နောက်ပြီး ကျမအလုပ်
ဝိုင်းလုပ်ပေးတဲ့ရက်အနည်းငယ်အကြာ သူက ထရိတ်ဒါးဟိုတယ်မှာ ကိတ်မုန့်လိုက်ကျွေးမယ်
ဆိုတာ အဲသည့်ရက်ရောက်တဲ့ထိ ကျမမသိရပဲ အားလုံးသိနေကြတယ်။ ပြီးတော့သွားခါနီးမှာ
သူမက အတူတွဲလုပ်တဲ့အခြားဝန်ထမ်းတဦးကို ဘောင်းဘီကြီးနဲ့မလိုက်ဘူး အမရဲ့စကပ်လေးက
လှတယ် သနားပါတယ် ပေးဝတ်လိုက်ပါလားမရယ်ဆိုပြီး၊ သူမကတော့ မနက်ဝတ်လာတဲ့ထမီကို
ဘောင်းဘီလားစကဒ်လားအသစ်နဲ့လဲပြီး ကျမကို အဲသည့်ထမီဝတ်ဆိုပြီးပေးပါတယ်။ ကျမလဲ
သြော်အိမ်ပြန်မှာပဲလေ ဆိုပြီး လဲပေးပါတယ်။ ကျမကအဲလို သူများဟာဝတ်တာမကြိုက်
ပါဘူး။ နောက်သွားကြမယ်ဆိုတော့ အင်း တာ့တာ ဆိုတော့ ကျမလည်းပါတယ်တဲ့။ အဲတော့
ကျမငြင်းပါတယ်။ သူများထမီဝတ်ထားပြီး အသားမကျဘူး ကျမမနေတတ်ဘူး အိမ်ပြန်မယ်လို့
အဲတော့ ၀န်ထမ်းလေးက အတင်းစကဒ်ပြန်ပေးပါတယ်။ အဲလိုနဲ့အတင်းခေါ်တော့လိုက်သွား
ရတယ်။

ကျမစိတ်ထဲမှတ်မှတ်ရရမှတ်မိနေတာတော့ အဲသည့်တခုပါ။ အဖြစ်ပျက်ကအတော်ကြောင်
တောင်တောင်နိုင်လို့ ပုံမှန်မဟုတ်လို့မှတ်မိနေတာပါ။ တခြားဟာတွေတော့ ခေါင်းထဲမရှိပါဘူး
သိပ်လဲမတွေးသလို တမျိုးဖြစ်လဲ မြန်မြန်မေ့သွားတဲ့ထဲကျမပါပါတယ်။

နောက်တော့သူမလဲနာရကိုကျောင်းသွားတတ်သလို ကျမလဲ အမျိုးသားနှင့်အတူတိုကျိုမှာနေ
ပါတယ်။ ဟိုတလောက သူမ တိုကျိုဘက်ကျောင်းပြောင်းလာတာကြားရသလို တခါတလေ သူ
မနှင့်ခင်တဲ့ မိတ်ဆွေတချို့ကိုတွေ့တဲ့အခါ ကျမဟာ စကတည်းက အတော်စိတ်အနှောင့်ယှက်
ဖြစ်ရပါတယ်။ သူမ ဘာတွေပြောထားမလဲဆိုတာ တွေးပြီးရယ်ပါ။ အမှန်ဆို သူမကရည်းစားလည်း
၂ယောက်လောက်ပြောင်းထားပြီးပြီမို့ ကျမကိုမေ့ရင်မေ့နေမှာပါ။ သို့မဟုတ် အဲလိုသူများကို
မကောင်းပြောသူဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တာမို့ စကတည်းက ကျမအကြောင်းကို
မကောင်းတာဖြန့်ထားရင် ကျမနဲ့စခင်ဖို့ ခက်မယ်လေ။ အဲလိုမျိုးလည်းလုပ်နိုင်တယ်။ ကျမက
စိတ်ထဲမှာ အတော့်ကို စိတ်အနှောင့်ယှက်ဖြစ်ရတယ်။ ၀ဋ်ရှိတယ်ဆိုရင်လည်းကျေစေတော့။
ကိုယ့်မကောင်းကြောင်းဖြန့်နေတဲ့သူရှိတာ အတော် စိတ်အနှောင့်ယှက်ဖြစ်စရာပါ။ လူရင်းတွေ
ဆိုလျှင် သိပြီးသားမို့ ဘယ့်သူ့ကိုမှ လိုက်ပြောပြနေစရာမလိုပါဘူးလို့ ကျမက ခုထိ ဥပေက္ခာပြု
လျစ်လျူရှုခဲ့ငြား ဒီဝဋ်ကလွတ်ချင်ပါတယ်။

တနေ့က ဖေ့ဘွတ်ကပေ့ခ်ျမှာတက်လာတဲ့ညီမလေးတယောက်ရဲ့ ကောလဟာလဖြေရှင်းချက်
ကိုဖတ်ပြီး သြော် ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ သူများအကြောင်းပေါက်ကရပြောသူတွေရှိနေတာပဲ
လို့တွေးမိရင်း အတိတ်ကိုပြန်သတိရမိတယ်။ ခုထိကျမဟာ အိပ်မက်ဆိုးကမလွတ်နိုင်သေးဘူး။

အားလုံးပဲကျန်းမာချမ်းသာပျော်ရွှင်ပါစေ
မပျော်ရွှင်စရာတွေရေးမိတာမို့ခွင့်လွှတ်နော်



Apr 8, 2012

လူဆိုသည်မှာ

တနေ့ကတီဗွီအစီစဉ်လေးတခုမှာကြည့်လိုက်ရတာပါ။ ကိစ္စအကြောင်းရာတခုနှင့်ပတ်သက်ပြီး
မိမိစိတ် ထဲရှိတာ နှုတ်ဖျားပေါ်အတော်နဲ့မထွက်ပါဘူး။ ကြောက်လို့ သတ္တိမရှိလို့မဟုတ်ပါဘူး။
မိမိထင်မြင်ယူဆချက်ဟာဘယ်အတိုင်းတာထိမှန်ကန်သလဲ။ မိမိမကြည့်မိတဲ့ထဲဘယ်ရှုထောင့်
က ကျန်ရစ်နေသလဲဆိုတာအပေါ် အပြည့်ဝယုံကြည်မှု မရှိလို့ပါ။မိမိတွေးခေါ်မှုအပေါ်ယုံကြည်
မှုအပြည့်ဝရှိတယ်ဆိုတဲ့အနေထားမျိုးကိုလည်းအားမကျသလို ဖြစ်လဲမဖြစ်ချင်ပါဘူး။ ဖြစ်မလာ
နိုင်တာသိလို့ပါ။ မိမိအတွေးမြင် ဟာ ၁၀၀ရာခိုင်နှုန်းမမှန်နိုင်ဘူးဆိုတာ သိထားလို့ပါ။ ဒါကြောင့်အထင်တွေ၊ အမြင်တွေကို ကိုယ်ထင်တိုင်း ရမ်းပြောလို့မရဘူး၊ မပြောခင် မိမိသာ ပြောခံရသူ
နေရာမှာဆို ဘယ်လမ်းကိုရွေးချယ်မလဲလို့အရင်တွေးပေးတတ်ဖို့လိုမှာပါ။ ဒါကြောင့်သုသေသန
ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေက နှစ်ရှည်စောင့်ကြည့်လေ့လာပြီး သုတေသနပြုထားသော
အကြောင်းရာတွေကို တင်ဆက်ပေးသောယင်းTVအစီစဉ်တွေကိုအလွန်နှစ်သက်မိပါတယ်။

ဆက်ရလျှင် တကမ္ဘာလုံးသိခဲ့ကြတဲ့အမှုခင်းတခုဖြစ်တဲ့地下鉄サリン事件(Subway Sarin
Attack)မည်သူမည်ဝါမရွေးသော ဘူတာ၅နေရာရှိ မြေအောက်မီးရထားတွင်း တပြိုင်တည်း
စရင်းဂတ်စ်နှင့်လူအစုလိုက်အပြုံလိုက်လုပ်ကြံသတ်ဖြတ်မှု မှုခင်းဟာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ
၁၉၉၅ခုနှစ်၊ ၃လပိုင်း၊၂၀ရက်နေ့တွင်ဖြစ်ပွားခဲ့ပါတယ်။ဂျပန်နိုင်ငံသူနိုင်ငံသားတွေနှင့်တကမ္ဘာ
လုံးအံ့သြခဲ့ရတာကတော့ဒီမှုခင်းမှာ အဓိကပါဝင်ပတ်သက်သူတွေဟာ ပညာအရည်ချင်းမြင့်
မားသူတွေဖြစ်နေခြင်းရယ်ပါ။
အထူးသဖြင့်ယင်းစရင်းလူသတ်ဂတ်စ်ကိုဖော်စပ်ခဲ့သူ(တီထွင်သူမဟုတ်ပါ)ဟာ土谷 正実
(TsuChiYa MasaMi)ဖြစ်ပြီး၊ ၄င်းသည်筑波大学(TsuKuBa University)၊ 大学院化学研究
修士課程ဘွဲ့လွန်၊ ဓါတုဗေဒဘာသာရပ်၊ သုတေသနတန်းဘွဲ့ရရှိခဲ့သူဖြစ်သည်။ ယင်းအပြင်၊
အခြားပါဝင်ပတ်သက်သူများသည်လည်း ၄င်းကဲ့သို့ ပညာထူးချွန်သူများဖြစ်သည့်အတွက်
လူအများအံ့သြခဲ့ရသော မှုခင်းဖြစ်ပေသည်။

ယင်းမှုခင်းကိုကြိုးကိုင်ခဲ့သည်မှာ オウム真理教 OumuShinRiKyoo ဟုခေါ်သည့်ဥာဏ်ရည်
လွန်အသင်းကြီးဧ။်ခေါင်းဆောင်ဖြစ်ပြီး၊ အမည်မှာ 松本知子ဖြစ်ပါသည်။

တီဗွီအစီစဉ်မှာအဓိကသုတေသနပြုလေ့လာသွားတာကတော့ လူအမြောက်အများကိုသေကြေ
ပျက်စီးစေခဲ့သော စရင်း sarinဂတ်စ်ကို ဖော်စပ်ခဲ့သူ အသင်းဝင်TsuChiYa MasaMi ဧ။် သမိုင်း
ကြောင်းနှင့်အတူ၊ စိတ်ပိုင်းဆိုင်ရာ သုတေသနအကြောင်းဖြစ်ပါသည်။

သုတေသန(လက်တွေ့စမ်းသပ်ခြင်း)
ဘာကြောင့် ပညာတတ် ဥာဏ်ရည်မြင့်မားသူတစ်ဦးက လူတွေကိုသတ်ဖို့ အဆိပ်ငွေ့ကို ဖော်စပ်
ခဲ့သလဲဆိုတဲ့ အကြောင်းရင်းကို သုတေသနပြုထားခြင်းရယ်ပါ။
ယင်းသုတသနဟူသည်မှာ သုတေသနအစီစဉ်တွင်ပါဝင်ရန်အတွက် အချိန်ပိုင်းလုပ်ခဖြင့် ၀န်ထမ်း
ရွေးချယ်ခေါ်ယူခန့်အပ်ပြီး၊ ယင်းတို့ကို အုပ်စုနှစ်စုခွဲလိုက်သည်။
တစ်စုမှာ အချုပ်ခန်းထဲတွင်နေရသော အချုပ်ခံ အကျဉ်းသားများဖြစ်ပြီး၊ တစ်စုမှာ ယင်းတို့ကို
စောင့်ကြည့်ထိန်းချုပ်ကွပ်ကဲရသော ရဲအုပ်စုဖြစ်သည်။
ဦးဆုံးရက်သည် အကျဉ်းသားများကလည်းအေးအေးဆေးဆေးနေကာ၊ ရဲများကလည်းအထက်က
ညွှန်ကြားထားသည့်အတိုင်းပြုမူကာ ပြဿနာမရှိပဲ ကုန်လွန်သွားပေသည်။
ဒုတိယနေ့တွင်မှု ရဲများသည်သြဇာအာဏာကိုစတင်အသုံးပြုလာပြီး၊ အကျဉ်းသားများကလည်း
စတင်ဖီဆန်စကား ပြောဆိုရာမှအရှိန်မြင့်လာပြီး လက်တွေ့အကျဉ်းခန်းများစနစ်ကဲ့သို့ဒဏ်ပေး
စနစ်ကိုပါအသုံးပြုလာပြီး၊ ဆူပူသောင်းကျန်းသူကို အုပ်စုလိုက်ဝိုင်းဖမ်းတာမျိုး၊စကားနားမထောင်
သူ၊ပြန်ပြောသူကို ဒဏ်ပေးတာမျိုးနှင့် အခန်းပြင်ထွက်ခွင့်မပြုတော့ပဲ အခန်းတွင်းအိမ်သာသွား
ခိုင်းတာမျိုးတွေ လုပ်လာပေသည်။အကျဉ်းသားများသည် ဘာသုတေသနလဲကွ၊ ဒီလိုအချိန်ပိုင်း
အလုပ်မျိုးမလုပ်ဘူး ကဲ့သို့သောဆူပူသောင်းကျန်းမှုများကို တင်းကျပ်စွာ နှိမ်နင်းကိုင်တွယ်မှုများ
ပြုလုပ်လာသည်။ ဤသို့ဖြင့် အကျဉ်းသားများသည်ရုပ်ပိုင်းဆိုင်ရာတွင်မက စိတ်ပိုင်းဆိုင်ရာပါ
ချိနဲ့လာပြီး တင်းကျပ်စွာထိန်းချုပ်မှုခံလာရတော့သည်။
သုံးရက်မြောက်နေ့တွင်မူကား အကျဉ်းထောင်အစစ်နှင့်မခြားသောပုံစံဖြစ်လာပြီး၊သုတေသန
ပညာရှင်များက အခြေအနေကိုမေးမြန်းစစ်ဆေးရန် အကျဉ်းသားများကို ခေါ်ယူစကားပြောသော
အခါတွင် ၄င်းတို့သည် အမည်ဘယ်လိုခေါ်သလဲဟုမေးခြင်းကိုပင် ထောင်ကျအကျဉ်းသားပုံစံ
အတိုင်း နံပါတ်စဉ်နှင့်တွဲကာဖြေကြလေတော့သည်။
ဤသို့ဖြင့်နှစ်ပတ်ခန့်ပြုလုပ်ရန်စီစဉ်ထားသော သုတေသနသည် ၃ရက်မြောက်နေ့တွင်ပြီးဆုံး
သွားပေတော့သည်။

TsuChiYa
အချုပ်အားဖြင့်ဆက်ရလျှင်၊TsuChiYa သည် လူကုံထံမိဘတွင် မွေးဖွားလာသူဖြစ်ပြီး၊ ငယ်စဉ်
ခလေးဘ၀မှစ၍ ပညာရေးတွင်မက အားကစားဘက်တွင်လည်းထူးချွန်သူဖြစ်ပြီး၊ အထက်တန်း
ကျောင်းသားဘ၀မှာရည်မှန်းခဲ့သည့်အတိုင်းTsuKuBa Universityသို့ဝင်ခွင့်ရရှိခဲ့သည်။
ယင်းနောက်ခြေထောက်တွင်ဒဏ်ရာရရှိကာ အမျှော်လင့်ကြီး မျှော်လင့်ထားသောအားကစား
ကို ရပ်နားလိုက်ရပြီး၊ ချစ်သူအမျိုးသမီးနှင့်လည်းလမ်းခွဲသည့်အခြေနေသို့ရောက်ရှိသွားသည်။ တနည်းဆိုရသော် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမှာ ယင်းအချိန်တွင် အစပျိုးဖြစ်ပွားလာခြင်းပင်။
တက္ကသိုလ်ဘွဲ့ရပြီးနောက် ဘွဲ့လွန်တက်ကာ သူငယ်ချင်းအသီးသီးအလုပ်ကိုယ်စီသတ်မှတ်ပြီး
(ဂျပန်တွင်ကျောင်းမပြီးခင်တနှစ်အလိုမှစကာအလုပ်ရှာဖွေရွေးချယ်သတ်မှတ်ခံရလေ့ရှိသည်)
ချိန်တွင် မိမိမှာအလုပ်မသတ်မှတ်သေးပဲ၊ပါရဂူတန်သို့ဆက်လက်တက်ရောက်ခဲ့ပေသည်။
ယင်းအချိန်တွင် မထင်မှတ်ပဲ သူငယ်ချင်းတဦးနှင့်အတူဥာဏ်ရည်မြင့် (preternatural power)
အသင်းဧ။်စုဝေးပွဲအား သွားရောက်ခဲ့ရာမှစတင်ကာအသင်းဝင်ဖြစ်လာသူဖြစ်သည်။ အသင်းမှ
ပညာရေးနောက်ခံမြင့်မားကောင်းမွန်သောTsuChiYaကို အလေပေးဆက်ဆံခြင်းအပေါ်
သာယာလာပေသည်။ ယင်းနောက် အထူးအသင်းဝင်အနေဖြင့် လေ့ကျင့်ဖတ်ရှုရန်၊ နားထောင်
ရန် တိတ်ခွေများအသင်းခေါင်းဆောင်ဧ။်ပုံများ၊ဆောင်ပုဒ်များကိုဈေးကြီးသော်လည်း အကြွေးဖြင့်ရောင်းချပေးလေသည်။
ယင်းအကြွေးကိုဆပ်ရန်အတွက် TsuChiYa သည် မနက်ပိုင်းတွင်စာပြသည့်အလုပ်များ၊ ညပိုင်း
တွင်လမ်းပြင်ရာတွင် အစောင့် စသည့် အချိန်ပိုင်းအလုပ်အမျိုးမျိုးကိုလုပ်လေသည်။ စိတ်ပိုင်းဆိုင်ရာတွင်သာမကရုပ်ပိုင်းဆိုင်ရာပါချိနဲ့လာသောအချိန်တွင် အသင်းခေါင်းဆောင်မှ
တွေ့ခွင့်ပြုဖို့ ရွေးချယ်ခံရပေသည်။

ယင်းနောက် ယင်းအသင်းဧ။် အဓိကအဖွဲ့ဝင်ဖြစ်လာပေသည်။ TsuChiYa ဧ။် အသင်းဝင်ရာထူး
မှာ 第二厚生省大臣 (Vice Ministery of Welfare)လူမှုဖူလုံ(စောင့်ရှောက်)ရေး ဒုတိယ
ဝန်ကြီးဖြစ်သည်။ယင်းနောက်ပိုင်း အသင်းကြီးဧ။်လှုပ်ရှားမှုများနှင့်ယင်းအသင်းကိုစောင့်ကြည့်
သည့်ရှေ့နေမိသားစု သေဆုံးမှုစသည်တို့နှင့်အတူ အစိုးရမှစောင့်ကြည့်တင်းကျပ်လာသော
အခါ ယင်းကိုတုံ့ပြန်သည့်အနေဖြင့် အဆိပ်ငွေ့လူသတ်မှုကြီးပေါ်ပေါက်လာခြင်းဖြစ်ပေသည်။
ယင်းအဆိပ်ငွေ့ကိုဖော်စပ်ရန်တာဝန်ပေးအပ်ခံရသူမှာTsuChiYaဖြစ်ပြီး၊ လူမရွေးဘဲ လူတွေ
အမြောက်များ ကိုလုပ်ကြံသတ်ဖြတ်မှာသိလျှက်ပညာတတ်တစ်ဦးက ဘာကြောင့်အဆိပ်ငွေ့ကို
ဖော်စပ်ခဲ့သလဲဆိုသည်မှာ အားလုံးအတွက် ပဟေဠိတပုဒ် အလားဖြစ်ပေသည်။

အချုပ်
အကြောင်းရင်းမှာ ဖတ်ရှူသူလည်း အထက်ပါသုတေသနနှင့် TsuChiYaအကြောင်း စာပိုဒ်နှစ်ပိုဒ်
ကိုဖတ်ရှုခြင်းအားဖြင့် နားလည်နေလောက်ပြီဟုထင်ပါသည်။
အဓိကအကြောင်းရင်းကြီးနှစ်ခုမှာ
(1)စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာချိနဲ့လာသည့်အချိန်တွင် Mind Controlဟုခေါ်သော
စိတ်ပိုင်းဆိုင်ရာကို ထိန်းချုပ်ဖို့လွယ်ကူလာသည်။
(2)လူဟူသည် ရာထူးပေးအပ်လိုက်သောအခါ (တနည်း) ပတ်ဝန်းကျင် ပြောင်းလဲသွားသော
အခါတွင် ပုံစံခွက်ထဲချလိုက်သကဲ့သို့ ပြောင်းလဲသွားကြပေသည်။

ယင်းTVအစီစဉ်ကိုကြည့်ပြီး အများကြီး ဆက်စပ်စဉ်းစားမိသည်။
မြန်မာနိုင်ငံသည် ဧပြီတစ်ရက်နေ့ကကျင်းပသွားခဲ့သော လွှတ်တော်ကိုယ်စားလှယ်ရွေးချယ်
မဲပေးပွဲနှင့်အတူ ပျော်ရွှင်နေကြသော ပြည်သူပြည်သားများနှင့် အမျိုးမျိုးကွဲပြားသောအသံတွေ
လည်း လွင့်ပျံ့နေပေသည်။ မြန်မာပြည်ဧ။်သမိုင်းကိုပြန်လည်စဉ်းစားလိုက်သည့်အခါတိုင်း
လူမျိုးရေးကိုအခြေခံကာ အဖွဲ့ကွဲ၊အုပ်စုကွဲ တိုက်ခိုက်လာသည်မှာလွတ်လပ်ရေးရပြီးနောက်
တင်မဟုတ်ပဲ သီပေါမင်းလက်ထက် မတိုင်မီတည်းကပင်ဖြစ်သည်။ ယင်းကဲ့သို့ဖြစ်ရပ်မျိုးသည်
မြန်မာပြည်တစ်ခုတည်းတွင်မဟုတ်ပဲ သက်ဦးဆံပိုင်ဘုရင်စနစ်ကိုကျင့်သုံးသည့်နိုင်ငံနှင့်
လူမျိုးအုပ်စုကွဲရှိသောနိုင်ငံတိုင်းတွေ့ကြုံရလေ့ရှိသော သမိုင်းမျိုးပင်။
ဆိုလိုသည်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းနှင့်အသင်းဝင်များအပေါ်သရော်ခြင်းများအပေါ်
ဒေါ်အောင်ဆန်းစုကြည် တုံ့ပြန်ဆုံးမသည့်စကားမှာ အလွန်ကို လေးစားမိပါသည်။
ရပ်ကွက်ရုံးကိုဧည့်စာရင်းတိုင်ဖို့သွားတဲ့အခါ ထောင့်ကလေးမှာ ခပ်ကုပ်ကုပ်နှင့်ဆယ်အိမ်မှူး
တွေ၊ ပြာတာစာရေးတွေရဲ့ ဟောက်စားခံရတဲ့ ဆင်းရဲတဲ့လူတဦးဟာ ကြံ့ဖွံ့အသင်းဝင်ပြီး
လူတွင်ကျယ်လုပ်ခွင့်ရမယ့် အနေထားမျိုးကိုကြုံလာတဲ့အခါ အသင်းဝင်ဖြစ်ဖို့မဖြစ်ဖို့
သူဘယ်လမ်းကို ရွေးချယ်မယ်လို့ ထင်ပါသလဲ။ သည်လိုဥပမာပေးတော့ ဒါဆို တချို့ဂုဏ်သရေ
ရှိလူကြီးတွေကကော ချမ်းသာလျှက် ဘာလို့လုပ်ကြသလဲလို့မေးခံရမယ်ထင်ပါတယ်။
အဲဒါကလည်းအဲသည့်ချမ်းသာတဲ့ဂုဏ်သရေရှိ လူကြီးတွေမက်မောလောက်တဲ့အခွင့်ရေးမျိုးရလို့
ပေါ့လို့ဖြေရမှာပါပဲ။ ဒါကြောင့်အသင်းဝင်တိုင်းကို အရောင်မဆိုးလိုက်ဖို့နှင့် ပြည်သူတွေ ချစ်ခင်
ညီညွတ်ကြပါစေလို့ ဆုမွန်တောင်းပါတယ်ရှင်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Mar 17, 2012

စကာင်္ပူသို့တခေါက်

မရေးတာလည်းကြာတော့၊ စကာင်္ပူကိုသွားတုန်းက ပုံလေးတွေဝေမျှလိုက်ပါတယ်။



 Marina Bay Sands Hotel ပေါ်တက်ပြီး ရေကူးကန်ဘေးက clubမှရိုက်သောပုံ၊ ရေကူး
ကန်ကိုတော့တည်းသူမှလွဲပြီးဝင်ခွင့်မရှိတာမို့ မ၀င်လိုက်ရပါဘူး။


 မြန်မာတွေပြောလေ့ရှိတဲ့ပင်နီစူလာ ကျမတည်းတဲ့ဟိုတယ်ခန်းကမြင်နေရတာပျော်စရာ
ပါ။ ဒါကတော့ ကားနဲ့အဖြတ်ရိုက်သောပုံပါ။ ၁၀မိနစ်ခန့်အထဲလည်းရောက်ခဲ့ပါတယ်။ :))

တည်းတဲ့ဟိုတယ်မှာစားတဲ့မနက်စာပါ။ အစားနည်းတဲ့ကျမအတွက်တော့မတန်ပါဘူး



 ပြီးတော့ဒီအဆောက်ဦး ၃၈လွှာမှာ ညစာစားပါတယ်။ စားရင်းနှင့်သဘောကျတဲ့ပုံလေး
တွေကို အုပ်စုကြီးကိုရှေ့မျက်နှာနောက်ထားပြီး ရိုက်ယူပါတယ်။


ရယ်စရာလေးတခုကတော့စကာင်္ပူက ကောင်းပေ့ဆိုတဲ့ဆိုင်တွေမှာစားပေမဲ့ရေနွေးကြမ်း
ငှဲ့ရာမှာ ကရားနှင့် ဝေါခနဲလောင်းထည့်ကာ စားပွဲပေါ် စင်တာတွေကြည့်ရင်း ဂျပန်အုပ်စု
ကြီးက တ၀ါးဝါးနှင့် တကယ့်ကိုဖြစ်ကတတ်ဆန်းပဲ လို့ဆိုတာနားထောင်ရင်း ဂျပန်ရဲ့စနစ်
အကောင်းလွန်နေတဲ့ဝန်ဆောင်မှုနှင့် စကာင်္ပူရဲ့ဝန်ဆောင်မှုတစွန်းတစကို နှိုင်းယှဉ်ခံစား
မိပါတယ်။
ဒီမှာနေ့လည်စာစားပါတယ်။



အလုပ်နဲ့သွားတာလည်းဖြစ်၊ သူဌေးမိန်းမနှင့်တခန်းတည်းတည်းတာလည်းဖြစ်တော့
အချိန်ကအတော်လေး ကျပ်ပါတယ်။ ဂျပန်ထုံးစံအတိုင်း schedule အပြည့်နှင့် မနက်က
စလို့ မနက်စာကို ဟိုတယ်မှာဘူဖေးစား၊ ယင်းနောက်အုပ်စုလိုက် စက်ရုံလေ့လာရေးခရီး
သို့ အစည်းဝေးတွေတက်၊ နေ့လည်စာစား၊ ညနေတခါထပ်ထွက်၊ ညစာစား၊ ပြီးရင်တော့
အုပ်စုလိုက် အချိန်လေးရသမျှ စကာင်္ပူရဲ့နာမည်ကြီးနေရာတွေသွားကြည့်ကြပါတယ်။ လို့
ဆိုငြား ၂ရက် ၃ရက်မို့ သိပ်လည်းမကြည့်လိုက်နိုင်ပါဘူး။

ညစာစားလျှင် ဂျပန်ထုံးစံအတိုင်း အုပ်စုလိုက် စကားတွေပြောရင်း ဆွေးနွေးရင်းစားကြတာ
တကြောင်း၊ သွားစားတဲ့စကာင်္ပူကဆိုင်တိုင်းဟာ တရုတ်စတိုင် ဟင်းကိုတဦးတပွဲစီ၊တဆင့်
ချင်း လာချတဲ့စနစ်ကြောင့်လည်း ဟိုတယ်အပြန်နောက်ကျပါတယ်။

ဒါကတော့ မားလိုင်းရွင်းဘေးက ဆိုင်မှာစားခဲ့ကြတာရယ်ပါ။







သူငယ်ချင်းတွေကိုချိန်းတွေ့ဖို့တောင် နယ်မြေလည်းမကျွမ်းတာတကြောင်း၊ အချိန်လည်း
မရှိတာတကြောင်း၊ ညနက်မှပြန်လာတာတကြောင်းမို့ညဘက်ဟိုတယ်ကိုလာတွေ့ပေးနိုင်
ချေရှိတဲ့မိတ်ဆွေတွေကိုပဲ အကြောင်းကြားခဲ့တာမို့ ၅ဦးမှ ၄ဦးနှင့်သာတွေ့နိုင်ပါတယ်။

ညဘက်ကြီးမှာ အလွန်ရည်မွန်သော ခင်ပွန်းသည်က ကားမောင်းလိုက်ပို့ပေးပြီး လာတွေ့
ပေးတဲ့ ချောလည်းချော ခန့်လည်းခန့် မာန်မာနလည်း လုံးဝမရှိတဲ့ မမCathrine Nyo
က မြန်မာမုန့်တွေ အများကြီးယူလာတာမို့သိပ်ကိုကျေးဇူးတင်ပါတယ်။ ကျမနှင့်သူစားရုံ
မက အုန်းထညက်တွေကို ယောက္ခမနှင့် ခယ်မ အတွက်ပါ ပို့ပေးဖို့စိတ်ကူးပါတယ်။

နောက်ရက်မှာ ဆရာလည်းဖြစ်၊မြန်မာပြည်ကအင်တာနက်သင်တန်းတွေအချိန်ပိုင်းသင်တဲ့
အလုပ်ကို လုပ်ခဲ့စဉ်က မိတ်ဆွေကလာတွေ့ပေးပါတယ်။

နောက်ရက်မှာတော့ စကာင်္ပူက မဒီချောချောလေး၂ဦးနှင့်တွေ့ပါတယ်။ :D

ဈေးပတ်ဖို့အချိန်တောင်မရှိငြား၊ နောက်ဆုံးရက်အုပ်စုလိုက်သွားစားတဲ့ ဒင်နာကို သနား
စဖွယ် ရုပ်တည်နဲ့ မလိုက်ဖို့ ခွင့်တောင်းကာ ကျန်ရစ်ပါတယ်။ မစီစဉ်ထားပဲ ရတဲ့အချိန်
လေးမို့ အဲသည့်နေ့လာတွေ့တဲ့ မဗစ်စ်က လိုက်ပို့ပေးကာမှပဲ City Linkမှာ နည်းနည်း
လျှောက်ကြည့်ရင်း၊စကာင်္ပူကိုရောက်ခဲ့တယ်ဆိုတဲ့စိတ်ကျေနပ်မှုလေးရအောင် ဂါဝန်
လေးတထည်၊ စကဒ်လေးတထည်၊ဖိနပ်လေးတရံ ၀ယ်ခွင့်ရပါတယ်။ နောက်တော့
မဗစ်စ်ကခေါ်သွားပေးတဲ့ မြန်မာထမင်းဆိုင် အင်းလေးမှာ ထမင်းစားကြပါတယ်။

 မြင်းခွာရွက်သုပ်
 သဘောင်္သီးသုပ်နှင့်ဝက်သားနီချက်
 မကျည်းသီးဖျော်ရည်
 ငါးသလောက်ပေါင်း

ပြီးတော့ မဗစ်စ်ဆီကလည်း ဂျူးမြစ်နဲ့အပ်ငရုတ်သီးစိမ်းကဲ့သို့ရှားပါးပစ္စည်းများအပါဝင်
မြန်မာအစားစာ အများကြီးလက်ဆောင်ရပါတယ်။ ကျေးဇူးအများကြီးတင်ပါတယ်။
အာဘွားစ်။

မဗစ်စ်ကဘယ်လိုရုပ်လေးလဲဟင်။ လာမေးနဲ့နော်။ တော်ဝင်တဲ့အလှမျိုးဆိုတာကလွဲလို့
ပြောပြဖူး။ :)))

မမလာသာညကိုအိုကရာမမှာသွားတွေ့ခဲ့တာပြန်သတိရပါတယ်။ မညလည်းပျောက်နေ
တာပဲ။ ကျမလိုပဲနေမှာပေါ့လေ။ :D

နောက်တော့ ရီတာကဟိုတယ်မှာလာတွေ့ပေးတယ်။ ညနက်တာမို့ ခဏပဲစကားပြော
လိုက်ရပေမဲ့ ရီတာက ဆွဲဆောင်မှုသိပ်ရှိတာပဲ။ သူ့ဝတ္ထုတွေလိုပေါ့။ ထုံးစံအတိုင်း မောင်
ကိုကိုနဲ့ရီတာအကြောင်းတောင်မေးလိုက်သေးတယ်။ ဒါလဲပြောပြဖူး။ :D
ရီတာ စာအရေးကောင်းသလို ရိုးရှင်းပြီး သိပ်လှတဲ့ခရစ္စတယ် လည်ဆွဲလေးတကုံးလက်
ဆောင်ပေးတယ်။ ကျေးဇူးအများကြီးတင်ပါတယ် ရီတာ။ အာဘွားးးး။

ကျမကတော့သယ်ရလွယ်အောင်ယူသွားတဲ့အိတ်ကလေးကသေးတာရော၊ ဂျပန်ဆောင်း
မို့ ကုတ်အကျီ င်္နှင့်အလုပ်မှာဝတ်ဖို့ suitတစုံနှင့်၊ အောက်ခံအဖြူနှင့်ဘောင်းဘီနက်၂စုံ
မှလွဲလို့ ဖိနပ်လည်းရုံးဖိနပ်တရံ၊အိတ်လည်းရုံးသုံးအိတ်တလုံးသာမို့ အပြင်ထွက်ဖို့အခွင့်
နှင့်အချိန်မရှိမှာသိတာမို့ နွေဝတ်စုံပါးပါး၁စုံသာထည့်ခဲ့တာပါတယ်။
ကျန်တဲ့နေရာလွတ်ကို မိတ်ဆွေ၅ဦးစာလက်ဆောင်ကိုသာ အတင်းဖိထည့်ပါတယ်။
ဒါကြောင့်ကျမလက်ဆောင်ကအများကြီးမသယ်နိုင်တော့ အားနာလို့မဆုံးပါဘူး။ နောက်
တခါ လာလည်ရင် အများကြီး ယူလာမယ်နော်။ လာမတွေ့ပေးကြမှာစိုးလို့ :D
ရခဲ့သောလက်ဆောင်များ

ဂျပန်ကတော့မနေ့ကတင် ခပ်ရမ်းရမ်းကလေး တိုကျိုမှာလှုပ်သွားပါသေးတယ်။
ဂျပန်မှာရှိနေဦးမယ်ဆိုရင်တော့ ငလျှင်အတွက် လိုတာလေးတွေဝယ်ထားသင့်ပါတယ်။
ဓါတ်မီး၊ရေ၊ဆန် တာတွေပေါ့လိုပေါ့။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


Feb 14, 2012

၂၀၁၁ခုနှစ် နှစ်ကူး

နှစ်ကူးချိန်တုံးကတော့နှစ်စဉ်သွားနေကျယောက္ခမအိမ်ကိုပြန်လည်ပါတယ်ရှင်။ ခုတလောပို့စ်တွေသိပ်မရေးနိုင်တော့ လာလည်သူတွေ မျှဝေခံစားရအောင် စားခဲ့တာလေးတွေနဲ့
ဧည့်ခံပါရစေရှင်။ ဂျပန်တွေဓလေ့ထုံးစံကတော့ နှစ်ကူးဆိုလျှင် မွေးရပ်မြေ ပြန်လေ့၊ခရီး
ထွက်ကြလေ့ရှိတာမို့ ရထား၊ကား၊ဘူတာ၊လေဆိပ်တွေ ကြိတ်ကြိတ်တိုးနေတဲ့အချိန်ပေါ့
ရှင်။ ဒီနှစ်တော့ မြေပုံညံ့တဲ့ကျမအတွက် သူက တနေ့လုံးရထားအ၀စီး၃ထောင်ခန့်ပေး
ရသောလက်မှတ်နဲ့ ပြန်ကြပါတယ်။ ခဏခဏရထားလိုင်းပြောင်းစီးရပြီး အနည်းငယ်ပင်ပန်း
ပေမဲ့ ကျမက ပိုပျော်ပါတယ်။ အထုပ်ပိုးတွေကိုလည်း သက်သက်ပို့ထားတော့ပေါ့ပေါ့ပါး
ပါးပါ။ ဒါပေမဲ့ သူ့ဇာတိကဝေးတော့ မနက်မှညထိ အချိန်ကွက်တိစီးနိုင်မှအိမ်ရောက်တာပါ။
ဖုံးရယ် ရထားလိုင်းကြည့်တဲ့ဆော့ဖ်ဝဲရယ်နဲ့ပူစရာမလိုအဆင်ပြေပါတယ်။ သို့ငြားလမ်းမှာ
ရထားက အက်စီးဒင့်နှင့်တနာရီခွဲကျော်ရပ်သွားတော့ကျမတို့နှစ်ဦးအချိန်မမီတော့တာမို့
လမ်းခုလတ်မှာ ကျည်ဆန်ရထားပြောင်းစီးရပါတယ်။

အဲလိုဖြင့် ကျမသိပ်ပျော်တဲ့ သိပ်သဘောကောင်းပြီး ကျမကိုအရိပ်လိုကြည့်ကာ သားကို
ချစ်ကာ ကျမကိုလည်းသမီးလိုချစ်ပေးတဲ့ ယောက္ခမအိမ်မှာ တပတ်ခန့်နေခဲ့ကြပါတယ်။

သူ့ဒေသက 瀬戸内海 လို့ခေါ်တဲ့ ပင်လယ်ကွေ့ထဲမှာ ရှိပါတယ်။ တောင်ပေါ်ကနေမြင်
ရတဲ့ရှုခင်းရယ်ပါ။

ဒါကတော့ယောက္ခက သားသမီးတိုးပွားအောင်နှစ်တိုင်းမပျက်မကွက်ကျွေးလေ့ရှိတဲ့
ဂျပန်အယူအဆ နှစ်ကူးမှာစားလေ့ရှိသော ငါးဥများရယ်ပါ။

ဒါကတော့သူ့ညီလက်ရာ ပြည်ကြီးငါးပါ။

ဒါကတော့အသားငါးအသီးရွက်ထည့်ကာ ငံပြာချဉ်ရေ နှင့်တို့စားတဲ့နဘဲရယ်ပါ။

ဝက်နံရိုးကင်

ယောက္မမကိုယ်တိုင်လုပ် အသီးရွက်
ဆူခီယာခီ။ ကြက်ဥအနှစ်နဲ့တို့စားလေ့ရှိပါတယ်။

တိုကျိုကအသားတွေမကောင်းဘူးလို့ညီးတတ်တဲ့သူ့သားအတွက်

ပဲအချိုပြုတ်

ဟင်းချို

Oysterခေါ် ခရကို ကြော်ကာပုံစံအမျိုးမျိုးနဲ့လုပ်စားပါတယ်။
အကြော်ပုံတော့ရှာမတွေ့ဘူးရှင်။




ကြက်သားကြော်





သူ့သူငယ်ချင်းယူလာပေးသောဝိုင်

ဝက်နံရိုးကင်

အိုဒန်းဘယ်လိုလုပ်ရလဲမေးတဲ့ကျမအတွက် အိမ်ချက်အိုဒန်းခေါ် ဂျပန်ရိုးရာအစားစာ

ဆာရှိမိ





ကျမလက်ရာကြက်ဟင်းခါးသီးသုပ်


နှစ်ကူးအိမ်မှာချိတ်တဲ့အဆောင်လေး



အားလုံးပဲကျန်းမာပျော်ရွှင်ပါစေရှင်


အလည်လာသူများ

free counters

Total Pageviews