♪♪.ကျော်နှင်းဆီလွင်.♪♪

Oct 4, 2012

ကျမကိုမုန်းတဲ့သူ

ကျမနဲ့သူစတွေ့တာ မြေနီကုန်းက ဂျပန်စာ၊စာကြည့်တိုက်ဖွင့်ထားတဲ့ ဂျပန်စာကျောင်းလေးတခု
မှာပါ။ ဆံပင်လေးတွေကပါးပါးဖြောင့်ဖြောင့်နဲ့ ပြောင်းဖူးမွှေးရောင်လို အ၀ါရောင်သန်းသန်း
ခပ်တောက်တောက်နှင့်အရောင်တောက်တာတွေနှစ်သက်ဝတ်ဆင်လေ့ရှိပြီး၊စကားပြောလျှင်အသံနေအသံထားထက်ထက်မိုးဦးနဲ့ဆင်တယ်လို့ဆိုရမလားပဲ။ ဆိုရလျှင် ချစ်ဖို့ကောင်းပါတယ်။ ချိုလည်းအရမ်းချိုပါတယ်။ စာလည်းတော်ပြီး အဲသည့်အချိန်ကယင်းကျောင်းမှာ
ဝန်ထမ်းလုပ်နေပြီးဂျပန်စာအခြေခံတန်းတွေကို စာစသင်နေသူရယ်ပါ။ ကျမကိုမကြီး၊သမီးလို့
ချွဲချွဲလေးပြောတတ်တာမို့အချိုကြိုက်တဲ့ကျမ၊အိမ်ကညီမလေးကိုလည်း သိပ်ချစ်တတ်တဲ့ကျမ
သူ့ကို အတော်ချစ်ပါတယ်။ ကျောင်းမှာ တီရှပ်နဲ့ဂျင်းဘောင်းဘီအမြဲဝတ်ပြီး နဂိုမျက်ခုံးမွှေး
နက်နက်မှာ သနပ်ခါးကလွဲလို့တခြားအလှမပြင်တတ်တဲ့တည်ကြည်ပြီး ဘာမှအပိုသိပ်မပြောပဲ
နေတတ်တဲ့အခြားဝန်ထမ်းတဦးလဲရှိပေမဲ့ ဂျပန်စကားမကျွမ်းကျင်တာမို့ သူမကိုတည့်အောင်
ပေါင်းပြီး နဂိုစိတ်ထားကောင်းသူလဲဖြစ်တာမို့ အနွံတာခံပုံပါ။

မြေနီကုန်းကဂျပန်စာကျောင်းကလေးမှာ ကျောင်းမတက်လဲ စာအုပ်၊ သီချင်းခွေတို့ငှားလို့ရပါ
တယ်။အဲသည့်အချိန်ကကျမက တပတ်တခါလောက် ပျင်းရင်စာကြည်တိုက်သွား စာအုပ်
ငှားတတ်ပါတယ်။
တရက် ကျမ Moon Bakeryမှာ ကျမတဦးတည်းအတန်းတက်ဖို့စောင့်ရင်းကော်ဖီထိုင်သောက်
နေရင်း စာဖတ်နေတဲ့အခါ ယင်းဂျပန်စာကျောင်းက ဂျပန်အမျိုးသားလည်းရောက်လာပြီး
အတူထိုင်လို့ရမလားဆိုပါတယ်။ တခါနှစ်ခါ စကားတခွန်းစနှစ်ခွန်းစပြောဖူးတာရော ဘာများ
အကြောင်းရှိလဲမသိဘူးဆိုတော့ ဟုတ်ကဲ့ရပါတယ် လို့ဆိုတော့ စကားထိုင်ပြောမိရင်း ခင်မင်
သွားပါတယ်။

အနားကလမ်းမှာ IELTSသင်တန်းတက်တာရယ်မို့ ကျောင်းက အားလုံးနဲ့ခင်သွားတဲ့အခါ စာအုပ်
သွားငှားရင်း တခါတလေ စကားထိုင်ပြောတတ်ပါတယ်။ အဲလိုနဲ့ ကျောင်းက ဂျပန်စာသင်တဲ့
ဆရာမလေးပြန်သွားတာမို့ ကျောင်းမှကျန်နေခဲ့သူဂျပန်အမျိုးသားက ရုတ်တရတ်Level 2အတန်း
သင်ရဖို့ဖြစ်လာတဲ့အခါ၊မြန်မာစကားမတတ်ကျွမ်းတာမို့အားတဲ့အချိန်တွေ level 2 wordsတွေကို
ဘာသာပြန်ပေးဖို့ ကျမကို တရက် အားလုံးက ၀ိုင်းပြောပါတယ်။ အတင်းလုပ်ဖို့ပြောတဲ့ထဲ နော်
မကြီး နော် ဆိုပြီး သူမက ထိပ်ဆုံးကပါပါတယ်။ ကျမကြွေတာလည်းမဆန်းပါဘူး။
ကျမကသူ့ကို ဝေးတမြေက ကျမရည်းစားအကြောင်းကအစ အဆင်မပြေတာတွေကို ယုံကြည်
စွာ ရင်ဖွင့်ခဲ့ပါတယ။်

အဲလိုနဲ့ကျမက အားတဲ့အချိန်တွေ ကျောင်းမှာဘာသာပြန်ပြီး ကွန်ပျူတာနဲ့ရိုက်ပေးပါတယ်။

ပြောရလျှင် ကျောင်းမှာ ဦးဆောင်ဦးစီးရှိပေးနေတဲ့ ဂျပန်အမျိုးသားဟာ ကျမအိမ်ကိုဖုံးဆက်လာပါ
တယ်။ ကော်ဖီသွားသောက်ရအောင်။ ပြီးတော့ အမေ ဂျပန်မှာဆေးရုံတက်ရလို့ ဗေဒင်လိုက်မေး
ပေးပါ။ ပြီးတော့ မသိလို့ယတြာလိုက်ချေပေးပါစသဖြင့်ပေါ့။ သူက ကျောင်းမှာ လူတွေရှေ့မှာ
အဲလိုစကားတွေတခွန်းတပါဒမှ ဟလေ့မရှိပါဘူး။ ဂျပန်ထုံးစံအတိုင်း အလုပ်နဲ့ကိုယ်ရေးကိုယ်တာ
ကို ခွဲတဲ့သဘောလို့ ထင်ပါတယ်။

အဲလိုနဲ့ရည်းစားနဲ့ပြတ်စဲစကျမ တဖြည်းဖြည်း မသိလိုက်ပဲ ခင်မင်တွယ်တာလာတဲ့ သူနှင့် ချစ်
ကြိုက်မိပါတယ်။ ထုံးစံအတိုင်း ညနေပိုင်း လှည်းတန်းမှာကျမကြိုက်လေ့ရှိတဲက၀က်သားတုတ်
ထိုး၊အမဲအူပြုတ်နှင့် ရှမ်းစာတွေတူတူစားလေ့ရှိသလို၊အင်းယားမှာအကြော်စားပြီးလမ်းလျှောက်
ရင်းစကားပြောလေ့ရှိတာပေါ့။ ရွှေတိဂုံဘုရားလည်း အတူတူ ခဏခဏသွားဖူးလေ့ရှိပါတယ်။

ကျောင်းကလေးကပျော်ဖို့ကောင်းပါတယ်။ ကျောင်းသားတွေအားလုံးက၊ပျော်ပျော်ရွှင်ရွှင်နေလေ့
ရှိတဲ့၊ အမြဲစနောက်လေ့ရှိတဲ့သူ့ကို ချစ်ခင်ကြပြီး ဘာမဆို နောက်ပြောင်ပြောဆိုလေ့ရှိပါတယ်။
ကျမက အဖွဲ့ကျတာတို့ဘာတို့ သိပ်မမြန်တတ်တဲ့သူဆိုတော့ ပြုံးပြုံးနဲ့ တခွန်း၂ခွန်းပြောရင်း
ငေးကြည့်နေတတ်တာများပါတယ်။ အဲသည့်အထိ အားလုံးပျော်ရွှင်ဖို့ကောင်းပါတယ်။

နောက်ပိုင်းတော့ကျမတို့နှစ်ဦးကို အနည်းငယ်ရိပ်မိလာပုံပေါ်တဲ့သူမက ကျမကိုပြောပါတယ်။
အကျီ င်္သွားဝယ်ဖို့ရုံးအပြန်လိုက်ကြည့်ပေးပါလို့ဆိုလို့ သွားရင်းပါ။
သူမထက်အသက် ၁၇နှစ်လောက်ကြီးတဲ့သူကိုချစ်မိနေတယ် ဘယ်လိုလုပ်ရမလဲတဲ့။ ပြန်ကြိုက်
ရမလား မကြိုက်ရမလား ဆုံးဖြတ်ရခက်နေလို့တဲ့။ ကျမကအံ့အားသင့်သွားတယ်။ ရုတ်တရက်
ဆိုတော့ ကျမချစ်သူကိုပြောတယ်လို့လည်းမထင်ဘူး။ မြန်မာလူမျိုးပဲလို့ထင်မိတယ်။ စိတ်ထဲရှိ
တဲ့အတိုင်း အဲဒါစိတ်ကစားတာဖြစ်မယ် အဲလောက်ကွာရင် မကောင်းဘူး၊ ကိုယ်ကနုပျိုလှပတက်
ကြွတဲ့အရွယ်မှာ သူက အရမ်းအိုမင်းသွားမယ် ကြာလာရင်စိတ်ညစ်ရမယ်လို့ ရိုးရိုးသားသားပဲ
ပြောလိုက်မိတယ်။ စာလည်းတော်တဲ့သမီးကိုနှမြောတယ်လို့။ အဲဒီနေ့ကသူမကကြိုက်တဲ့အကျီင်္
တထည်ဝယ်တယ်။ ငွေမလောက်လို့ ကျမကပဲ တသောင်းဝန်းကျင်စိုက်ရှင်းလိုက်ရပါတယ်။ ငွေ
မပါပဲ ဈေးသွားဝယ်တဲ့သဘောကိုကျမကနားမလည်ဘူး။ အစတည်းက အပိုမပြောတတ်တဲ့
ကျမက လကုန်မတိုင်ခင်သုံးစရာရှိတယ် အဲသည့်ထိရတယ်လို့ဆိုရင်းကျမတို့ပြန်လာကြတယ်။
တကယ်တော့ ကျမစိုက်ထားလို့ရပါတယ် ဘယ်လောက်ကြာကြာ။ ဒါပေမဲ့ မိတ်ဆွေကောင်း
မဆုံးရှုံးချင်ရင် အစတည်းက စည်းတားရတယ်လေ။ ပြန်လာတော့ ကျမလဲအူလည်လည်နဲ့
အဲလောက်ကြီးတာ ကျမချစ်သူအသက်ပြန်တွက် သူမအသက်ကိုတွက် အပေါင်းအနှုတ်လုပ်ပြီး
ရလာတဲ့အဖြေက ၁၇ မှာ ကျမ မင်သက်အံ့သြသွားတယ်။ ပြန်ကြိုက်ရမလား မကြိုက်ရမလား
ဆုံးဖြတ်ရခက်နေတယ်ဆိုတဲ့ သူမစကားက အဲသည့်လူက သူမကိုကြိုက်နေတယ်ပေါ့။ ကျမက
ပွင့်ပွင့်လင်းလင်းသမားဆိုတော့ နောက်ရက် သူ့ကိုပွင့်ပွင့်လင်းလင်းပဲမေးပါတယ်။ အဲလို
ပြောတယ်လို့။ သူလဲ ဘာမှမသိတော့ တခြားလူလို့ထင်ငြားထင်မယ်။ နည်းနည်းတော့သူအနေ
ထိုင်ဆင်ခြင်သွားတယ်။ ဥပမာ ကျောင်းမှာမုန့်တခုခုစားရင် သူ့ပါးစပ်ထဲကို ၀န်ထမ်းမိန်းခလေး
၂ဦးက ခွံ့ကျွေးတာကျမမြင်တော့လန့်သွားတယ်။ ဘာလို့အဲလိုစားတာလဲလို့ကျမကစိတ်ဆိုး
တော့ သူကအံ့သြပြီး ဗမာပြည်မှာအဲလိုပဲကျွေးကြတာမဟုတ်ဘူးလားတဲ့။ ကဲ ကျမဘာသွား
ပြောရမလဲ။ ကျမကအဲလိုလေးတွေမလုပ်ရဖူး လို့ သူ့ကိုရှင်းပြလေ့၇ှိတယ်။

နောက်ကျမတို့နှစ်ဦး လက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့အခါ ကျောင်းက၀န်ထမ်း၂ဦးဖြစ်တဲ့သူမတို့
ကို coffee circleမှာ ကော်ဖီလိုက်တိုက်ရင်းဖွင့်ပြောတဲ့အခါ အပြန်လမ်းကစလို့နောက်ရက်တွေ
သူမက ကျမကို စကားမပြောတော့ဘူး။ အဲသည့်ညမှာ သူ့ဆီကိုပို့လာတဲ့သူမရဲ့မေးလ်အရှည်
ကြီးကို ကျမတွေ့လိုက်ရတယ်။ သူ့ရဲ့ရိုးသားအပြစ်ကင်းစင်မှုနဲ့ သူမရဲ့ဘက်ကိုလည်းမြင်လိုက်
ရတာမို့ စိတ်မကောင်းဖြစ်ရုံမှတပါး။ ကျမကို မခေါ်မပြောတဲ့သူမကို ကျမနားမလည်နိုင်ခဲ့ဘူး။
စိတ်ထဲမကောင်းဖြစ်နေမိတယ်။ ခင်မင်ရတဲ့ခလေးတယောက်စိတ်ထိခိုက်နေတယ်ဆိုတဲ့အသိနဲ့။

သူမက ဂျပန်စာကိုကျောင်းမှာတင်မက ပိတ်ရက်တွေမှာ အိမ်တွေမှာဝိုင်းသင်ပေးလေ့ရှိခဲ့တယ်။
အဲသည့်နောက်ပိုင်းကစလို့ စတွေ့စက ကျမကိုခင်ခင်မင်မင် ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်ခဲ့တဲ့
ကျောင်းသားတွေဟာ မျက်နှာအရောင်တွေပြောင်းသွားကြတယ်။ မျက်လုံးထဲမှာဘယ်လိုမှအသား
မကျတဲ့အရိပ်တွေတွေ့ရတယ်။ ကျမကတော့ရိုးရိုးသားသားပဲ နိုင်ငံခြားသားနဲ့ကြိုက်လို့မနှစ်မြို့
ကြဘူးထင်တယ်လို့ တွေးရင်းစိတ်မကောင်းဖြစ်လေ့ရှိတယ်။

ကျောင်းမှာရုတ်တရက်ကျမကိုစကားမပြောတော့တဲ့သူမကို အားလုံးကနားမလည်နိုင်ကြဘူး။
အဲသည့်တုံးက အခြေနေတွေသိပ်ရှုပ်ထွေးနေသလို ကျမကဘာတွေဘာကြောင့်ဖြစ်နေတယ်ဆို
တာ တကယ်ပဲ လိုက်မမီနိုင် နားမလည်နိုင်ခဲ့ဘူး။

တရက်ကျမကအိမ်ကို ကျောင်းကအုပ်စုတွေအားလုံးကို မုန့်ဟင်းခါးစားဖိတ်ပါတယ်။ ကျမအိမ်ကို
ရောက်တဲ့အခါသူမက အမအိမ်ကကျောင်းကြီးလိုပဲနော်လို့ ဆိုပါတယ်။
ကျမတို့ကဘိုးဘွားလက်ထက်တည်းကနေလာတာမို့ အိမ်က ဟောင်းပါတယ်။ ဘုရားခန်းမှာကြွေ
ပြားခင်း၊ ကြွေပြားခန်းလုံးကပ်ပြီး၊ ဧည့်ခန်းမကြီးနဲ့တခြားဖေ့ရဲ့စာရွက်စာတမ်းတွေထားတဲ့အခန်း
တွေဆို အောက်ပိုင်းတပိုင်းကြွေပြားကပ်ထားပါတယ်။ မိုးတွင်းဆို မြက်တွေအများကြီးပေါက်လေ့
ရှိပါတယ်။ သူမဟာ ကျမအမျိုးထဲကတချို့လိုမျိုး သူဌေးရပ်ကွက်မှာ တိုက်ကြီးဟီးနေအောင်နေသူ
မို့ဖြစ်ပါလိမ့်မယ်လေ။ ဒါပေမဲ့မုန်တိုင်းတိုက်တဲ့အခါ ကျမအိမ်ကအုတ်ကြွတ်မိုးအနည်းငယ်
ပျက်စီးသွားပြီး သူမအိမ်က သွပ်ပြားခေါင်မိုးတွေလန်ထွက်လို့အိမ်အပေါ်မှာရွှဲရွှဲစိုပြီး အောက်ထပ်
မှာ လည်း ရေ၀င်လို့ သူများအိမ်သွားတည်းရတယ်ကြားတော့ ကျမနားကိုမယုံနိုင်ပါဘူး။


 နောက်တော့ သိပ်ခင်မင်တဲ့မိတ်ဆွေနှစ်ဦးက ကျမကိုတိုက်ရိုက်ပြောလာတယ်။ သူမနဲ့သတိထား
ပေါင်းနော်တဲ့။ ကျမမကောင်းကြောင်းတွေပြောနေတယ်လို့ဆိုတယ်။ အမတဦးဆို စခင်ခါစက အဲ
လိုတွေပြောတာကြားပြီး ကျမက သူ့ကိုအတင်းလိုက်ကြိုက်ထားတယ်ထင်တာတဲ့ နောက်ပိုင်းခင်
လာပြီး အကြောင်းသိတော့မှ မနေနိုင်လို့ ဖွင့်ပြောတာရယ်ပါ။ နောက်တဦးကတော့ သူငယ်ချင်း
အရင်းဖြစ်ပြီး တခြားသူငယ်ချင်းဆီကကြားလာပြီး လာသတိပေးတာရယ်ပေါ့။

ကျမက အတည့်သမား၊ ကွယ်ရာမှအတင်းလဲမပြောတတ်သူ။ ပြောစရာရှိလျှင်မျက်လုံးချင်းဆိုင်ပြီး
တည့်တည့်ပြောတတ်သူမို့ သူမကို Moon Bakeryမှာချိန်းပြီး ပွင့်ပွင့်လင်းလင်းပဲမေးပါတယ်။
သူမကမပြောဘူးလို့ ပြောပါတယ်။ ကျမကလည်းဆိုပါတယ် ဒါဆို အဲလိုကြားခဲ့တဲ့သူနှစ်ဦးနဲ့တူ
တူ ကော်ဖီသောက်ရင်း စကားပြောရအောင်လို့ ရှင်းရအောင်လို့ ဆိုတဲ့အခါ သူမ ရှိုက်ကြီးတငင်
ငိုပါတယ်။ ညီမလေးက တိုက်ရိုက်မပြောပါဘူး ပြောလာသူတွေရှိရင် အဲသည့်အချိန်တွေစိတ်ရှုပ်
နေလို့ အင်းလို့ပြောမိတာမျိုးပဲရှိတာပါတဲ့။ ကျမဘယ်လိုပြောရမလဲ။ လူတယောက်မကောင်း
ကြောင်းကို အင်းလို့ မဟုတ်မှန်းသိရက်ပြောတာကို။ အဲလိုနဲ့အဲလိုနဲ့ အတိုချုပ်ရလျှင် ကျမကို
အဲလိုတွေဆက်မပြောဖို့ပြောပါတယ်။ ပြောလာလျှင် ခုကစပြီးကျမကခွင့်လွှတ်မှာမဟုတ်ဘူး
လို့။ ဘာတုံ့ပြန်မိမလဲဆိုတာ ခုချိန်မှာမသိဘူးလို့။ အဲလိုနဲ့ကျမတို့ တန်းသွားကြတယ။်

အဲသည့်မှာကျမကအ၇င်ကမသိတာတွေ ရေးတေးတေးသဘောပေါက်လာတယ်။ သူက ကျမ
ရည်းစားဟောင်းအကြောင်းကို ကျမချစ်သူရှေ့ခဏခဏပြောတတ်တယ်။ နောက်ပြီး ကျမအလုပ်
ဝိုင်းလုပ်ပေးတဲ့ရက်အနည်းငယ်အကြာ သူက ထရိတ်ဒါးဟိုတယ်မှာ ကိတ်မုန့်လိုက်ကျွေးမယ်
ဆိုတာ အဲသည့်ရက်ရောက်တဲ့ထိ ကျမမသိရပဲ အားလုံးသိနေကြတယ်။ ပြီးတော့သွားခါနီးမှာ
သူမက အတူတွဲလုပ်တဲ့အခြားဝန်ထမ်းတဦးကို ဘောင်းဘီကြီးနဲ့မလိုက်ဘူး အမရဲ့စကပ်လေးက
လှတယ် သနားပါတယ် ပေးဝတ်လိုက်ပါလားမရယ်ဆိုပြီး၊ သူမကတော့ မနက်ဝတ်လာတဲ့ထမီကို
ဘောင်းဘီလားစကဒ်လားအသစ်နဲ့လဲပြီး ကျမကို အဲသည့်ထမီဝတ်ဆိုပြီးပေးပါတယ်။ ကျမလဲ
သြော်အိမ်ပြန်မှာပဲလေ ဆိုပြီး လဲပေးပါတယ်။ ကျမကအဲလို သူများဟာဝတ်တာမကြိုက်
ပါဘူး။ နောက်သွားကြမယ်ဆိုတော့ အင်း တာ့တာ ဆိုတော့ ကျမလည်းပါတယ်တဲ့။ အဲတော့
ကျမငြင်းပါတယ်။ သူများထမီဝတ်ထားပြီး အသားမကျဘူး ကျမမနေတတ်ဘူး အိမ်ပြန်မယ်လို့
အဲတော့ ၀န်ထမ်းလေးက အတင်းစကဒ်ပြန်ပေးပါတယ်။ အဲလိုနဲ့အတင်းခေါ်တော့လိုက်သွား
ရတယ်။

ကျမစိတ်ထဲမှတ်မှတ်ရရမှတ်မိနေတာတော့ အဲသည့်တခုပါ။ အဖြစ်ပျက်ကအတော်ကြောင်
တောင်တောင်နိုင်လို့ ပုံမှန်မဟုတ်လို့မှတ်မိနေတာပါ။ တခြားဟာတွေတော့ ခေါင်းထဲမရှိပါဘူး
သိပ်လဲမတွေးသလို တမျိုးဖြစ်လဲ မြန်မြန်မေ့သွားတဲ့ထဲကျမပါပါတယ်။

နောက်တော့သူမလဲနာရကိုကျောင်းသွားတတ်သလို ကျမလဲ အမျိုးသားနှင့်အတူတိုကျိုမှာနေ
ပါတယ်။ ဟိုတလောက သူမ တိုကျိုဘက်ကျောင်းပြောင်းလာတာကြားရသလို တခါတလေ သူ
မနှင့်ခင်တဲ့ မိတ်ဆွေတချို့ကိုတွေ့တဲ့အခါ ကျမဟာ စကတည်းက အတော်စိတ်အနှောင့်ယှက်
ဖြစ်ရပါတယ်။ သူမ ဘာတွေပြောထားမလဲဆိုတာ တွေးပြီးရယ်ပါ။ အမှန်ဆို သူမကရည်းစားလည်း
၂ယောက်လောက်ပြောင်းထားပြီးပြီမို့ ကျမကိုမေ့ရင်မေ့နေမှာပါ။ သို့မဟုတ် အဲလိုသူများကို
မကောင်းပြောသူဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်တတ်တာမို့ စကတည်းက ကျမအကြောင်းကို
မကောင်းတာဖြန့်ထားရင် ကျမနဲ့စခင်ဖို့ ခက်မယ်လေ။ အဲလိုမျိုးလည်းလုပ်နိုင်တယ်။ ကျမက
စိတ်ထဲမှာ အတော့်ကို စိတ်အနှောင့်ယှက်ဖြစ်ရတယ်။ ၀ဋ်ရှိတယ်ဆိုရင်လည်းကျေစေတော့။
ကိုယ့်မကောင်းကြောင်းဖြန့်နေတဲ့သူရှိတာ အတော် စိတ်အနှောင့်ယှက်ဖြစ်စရာပါ။ လူရင်းတွေ
ဆိုလျှင် သိပြီးသားမို့ ဘယ့်သူ့ကိုမှ လိုက်ပြောပြနေစရာမလိုပါဘူးလို့ ကျမက ခုထိ ဥပေက္ခာပြု
လျစ်လျူရှုခဲ့ငြား ဒီဝဋ်ကလွတ်ချင်ပါတယ်။

တနေ့က ဖေ့ဘွတ်ကပေ့ခ်ျမှာတက်လာတဲ့ညီမလေးတယောက်ရဲ့ ကောလဟာလဖြေရှင်းချက်
ကိုဖတ်ပြီး သြော် ကိုယ့်အလုပ်ကိုယ်မလုပ်ပဲ သူများအကြောင်းပေါက်ကရပြောသူတွေရှိနေတာပဲ
လို့တွေးမိရင်း အတိတ်ကိုပြန်သတိရမိတယ်။ ခုထိကျမဟာ အိပ်မက်ဆိုးကမလွတ်နိုင်သေးဘူး။

အားလုံးပဲကျန်းမာချမ်းသာပျော်ရွှင်ပါစေ
မပျော်ရွှင်စရာတွေရေးမိတာမို့ခွင့်လွှတ်နော်



8 comments:

Anonymous said...

အတွေ့အကြုံဆိုတာ ပိုက်ဆံနဲ့တောင်ပေးဝယ်ရသတဲ့
(ညီမကြားဖူးတာလေးပါ)
ပိုက်ဆံမပေးလိုက်ရပေမယ့်
ဒါလည်းအတွေ့အကြုံတစ်ခုပါဘဲ..
ခုချိန်ပြန်တွေ့ဖြစ်ကြရင်
သူလည်းဆင်ခြင်စဉ်းစားတတ်တဲ့အရွယ်ရောက်နေပြီဆိုတော့
စိတ်အေးရမှာပါ..
အိပ်မက်ဆိုးကိုပြောင်းပြန်လှန်လိုက်ပါတော့အစ်မး)

Vista said...

အဲလို အပေါင်းအသင်းမျိုးနဲ့ သိမိတာ စိတ်ညစ်စရာနော် ကိုယ်ချင်းစာမိပါတယ် ချာချီရယ်

ကျော်နှင်းဆီလွင် said...

ကျေးဇူးတင်ပါတယ် ညီမရယ် ငွေမကုန်တာပဲတော်လှပြီနော် :)))

မဗစ်စ်ရယ် ဘ၀မှာတခါပဲကြုံဖူးပါတယ်။ သြော် လောကဓံ :))

Anonymous said...

လမ်းမှာမတော်တဆတွေ.၇င်တောင်မျက်နှာလွဲလိုက်နော်အဲလိုလူတွေကိုအ၇မ်းမုန်းတယ် ခင်တဲ. အိချို

ဇွန်မိုးစက် said...

ွှအဲလိုလူမျိုးတွေကို ဥပေက္ခာပြုလိုက်တာ အကောင်းဆုံးပါ ကျော်နှင်းဆီရယ်။ ကိုယ့်တုန်းကလည်း သူခိုးက လူပြန်ဟစ်သလို သူ့ရည်စားကိုယ်လုထားတာပါဆိုတာမျိုး ကြုံဖူးတယ်။ သူပြောပြမိတဲ့ သူငယ်ချင်းက ကိုယ်တို့အထက်တန်းကျောင်းကတည်းက ငယ်သူငယ်ချင်းမို့ ကိုယ့်အကြောင်း၊ ကိုယ့်ရည်းစားအကြောင်း သိနေလို့သာပေါ့။ နို့မို့ရင် အထင်လွဲသွားနိုင်တယ်။ ခုတော့လည်း ဒါတွေက ပြီးခဲ့ပါပြီလေ။

kyaw hnin se lwin said...

မအိချို ကျေးဇူးပါနော် မျက်နှာလွှဲလိုက်မှာပါ သူစိမ်းတယောက်လို ဒီလိုလူတဦးအတွက် မပူလောင်ချင်တော့ပါဘူး :))

မဇွန် ကျေးဇူးပါနော်
အဲလိုကြုံဖူးရင်ပိုနားလည်မှာနော် ဘယ်လောက်စိတ်အနှောင့်ယှက်ဖြစ်ရတယ်ဆိုတာ
တနည်းအားဖြင့် အဲလိုပြောတယ်ဆိုတည်းက အဲသည့်လိုပြောထွက်ရဲသူရဲ့စရိုက်ဆိုတာ အချိန်တန်ရင် ဇာတ်ရည်လည်မှာမုချပါ။

မီးမီးငယ် said...

အော်....
လူအမျိုးမျိုးပါဘဲနော်...။
ကျမဂျပန်စာကိုကျိုင်းမယ်(ဇင်းမယ်)မှာသင်ခဲ့ဖူးတယ်။
ဘာသာရေးအဖွဲ့ အစည်းတခုကလုပ်ပေးတာပါ။
အဲ့ဒီမှာကြုံခဲ့ဖူးတဲ့အတွေ့ အကြုံနဲ့ ယှဉ်ပြီး
မနှင်းဆီရဲ့ အတွေ့ အကြုံကို၊တကယ်ကိုယ်ချင်းစာတယ်။
ဆရာက အားလုံးကိုထမင်းစားဖိတ်တာ၊
ကျမကိုမပြောဘဲ တိတ်တိတ်သွားကြတယ်လေ..။
ဂျပန်ကလာတဲ့ တခြားလူကြီးတွေနဲ့ မိတ်ဆက်ပေးတာ၊
ကျမပျက်ကွက်တော့ ဆရာတအားစိတ်ဆိုးတာခံရဘူးတယ်။
မရေ..ဒီလိုပါဘဲနော်...လူ့ လောကက လူ့ မနောတွေဆိုတာ၊
လူမျိုးကွဲလည်း အားလုံးအတူတူပါဘဲ..။
ခင်မင်တဲ့
မီးမီး

knsl said...

မမီးရေ
ကွန်မန့်ကျေးဇူးပါနော်
အားရှိသွားတယ်
အတော်ခက်တယ်နော် လူအမျိုးမျိုးဆိုတော့

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews