ပီဇာလုပ်စားကြရအောင်...
အိမ်မှာပီဇာလုပ်စားဖို့ အရင်ဆုံးဈေးဝယ်ထွက်ပါတယ်။
အသားကတော့ ဘေကွန်နဲ့အလိုက်ဆုံးဖြစ်ပြီး အသားစိမ်းကတော့ မဆိုးပါဘူးဆိုရရုံပါ။
တခါတလေ ဒီလို ဘေကွန်သုံးရင် အသားလွှာသိပ်မလှပေမဲ့ အများကြီးရပါတယ်။
ဒါဆိုတထုပ် ၂၉၈ယမ်းရယ်ပါ။
ပြုလုပ်နည်း
အဆင့်၁
အရင်ဆုံး အောက်ခံဂျုံသားကိုလုပ်ပါမယ်
1. ဂျုံမှုန့် strong flour (強力粉) 150 g
2. ဂျုံမှုန့် weak flour (薄力粉) 150 g
ဂျုံမှုန့် ၃၀၀ ဂရမ်ကို အကြီး၃ချပ်စာခန့်ရပါတယ်။ အလတ် ၄ချပ်စာပါ။
3. တဆေးမှုန့် Dry Yeast (ドライイースト)အမှုန့် ဇွန်းသေး ၁ဇွန်း
4. သံလွင်ဆီ ဇွန်းကြီးတဇွန်း
5. ဆား ဇွန်းသေးတဇွန်း
6. သကြား ဇွန်းသေး၂ဇွန်း (မထည့်လည်းရပါတယ်)
7. ရေမနွေးတနွေး 150 cc
8. Olive Oil ဇွန်းကြီးတဇွန်း
အားလုံးကိုရောပြီး ဂျုံမှုန့်နဲ့အတူသမအောင်နယ်ပြီး လက်ဖနောင့်နဲ့ဖိဖိနယ်ပေးလျှင်
ဂျုံသားပိုညက်စေပါတယ်။ ပြီးလျှင်ယခုလို တချပ်စာစီလုံးပါတယ်။
မိနစ် ၃၀ခန့်ထားပြီး အချဉ်ဖောက်ပေးလို့ရသလို
အိမ်မှာကတော့ Ovenထဲ 35ံထားပြီး Steamနှင့် မိနစ်၃၀ပေါင်းလိုက်ပါတယ်။
မကပ်ပဲခွာရလွယ်စေရန် အောက်မှာ Cooking Sheet Paperခံပြီးအသုံးပြုပါတယ်။
အဆင့် ၂
ပြီးလျှင်ဆော့စ်ကိုလုပ်ပါတယ်။
9. ကြက်သွန်ဖြူအနှစ် အနည်းငယ်
10. ခရမ်းချဉ်သီးနှစ် (အလွယ်နဲ့သက်သက်သာသာ သံဗူးသုံးလိုက်ပါတယ်)
11. ဆား၊ ငရုတ်ကောင်း၊ သံလွင်ဆီဇွန်းကြီး၁ဇွန်း
12. ချိစ်မှုန့်အနည်းငယ်
ဦးဆုံးသံလွင်ဆီနည်းနည်းပူလာရင် ကြက်သွန်ဖြူအနှစ်ထည့်ကာ
မွှေးနံ့ရလျှင် ခရမ်းချဉ်သီး၁ဗူးလုံး(၃ချပ်စာ)ထည့်ပါတယ်။
ပြီးလျှင် ၁၀ နှင့် ၁၁ကိုထည့်ပြီး အနေတော် မပျစ်မကျဲအနှစ်ရသည်ထိတည်ပါတယ်။
အအေးခံထားပါတယ်။
အဆင့် ၃
အချဉ်ဖောက်ထားတဲ့ဂျုံလုံးကအချိန်ပြည့်လို့ထုတ်ကြည့်တဲ့အခါ ပွလာပါတယ်။
ယင်းကိုဂျုံမှုန့်ဖြူးပြီး မထူမပါးအ၀ိုင်းပြားလေးဖြစ်အောင်ဒလိမ့်နဲ့လှိမ့်ပါတယ်။
(သတိထားရမှာကတော့အပူခံCooking Sheet Paperခင်းပြီးလုပ်တာပါပဲ။
ယင်းကိုသုံးခြင်းဖြင့် ovenထဲထည့်တဲ့အခါမှာရော နေရာရွှေ့တိုင်းမကပ်ပဲ စက္ကူပါ
တပါတည်း ရွှေ့လို့ရတာမို့ အလုပ်ရှုပ်သက်သာ အဆင်ပြေပါတယ်။)
အဆင့် ၎
ပြီးလျှင်ယင်းဂျုံပြားပေါ်
13. အဆင့်၂မှာလုပ်ထားတဲ့ခရမ်းချဉ်သီးအနှစ်ဆမ်းပါတယ်။
14. ဘေကွန်ဝက်သားပြားလွှာ (၁လက်ခန့်စီလှီး)ကိုဖြန့်ပြီးထည့်ပါတယ်။
15. Cheese အချောင်းလေးများနေရာအနှံ့ဖြူးပါတယ်
16. မှိုအနည်းငယ် (ပါးပါးလှီး)
17. ငရုတ်ပွနှင့် ခရမ်းချဉ်သီးလှီးထားတာ ဖြူးပါတယ်။
18. ချိစ်ခရင်မ်တုံးကို လှီးပြီး ထည့်ပါတယ်။
နောက်ဆုံးမှာ basil (バジルソース)ဆော့စ်နှင့်သံလွင်ဆီအနည်းငယ်ကိုဆမ်းပါတယ်။
အသီးရွက်ကနှစ်သက်သလိုထည့်နိုင်ပါတယ်။
အဆင့် ၅
oven က သုံးထားလို့အပူဓါတ်ရှိနေရင်ဒီအတိုင်းထည့်ပြီး ပီဇာဖုတ်နိုင်ပေမဲ့
အေးနေရင် အရင် အပူပေးရပါတယ်။
တချို့ ovenတွေကတော့ ပီဇာဆိုပြီး တခါတည်းရွေးခလုတ်နှိပ်လို့ရပါတယ်။
အိမ်မှာတော့ ဦးဆုံး ၁၉၀ံခန့် အပူအရင်ပေးပါတယ်။
ပြီးလျှင် ၁၉၀ံဖြင့် မိနစ် ၂၀ သို့ ၂၅ခန့်ဆိုရပါပြီ။
အဲလိုနဲ့ အသင့်စားရုံပါရှင်
ကျမတော့ပီဇာသိပ်မကြိုက်တော့ အိမ်ကလူသာ အများဆုံးအားပေးပါတယ်။
အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
♪♪♪♪

3. Dry Yeast (ドライイースト)
အောက်ဆုံးမှာကြိုတင်အချဉ်ဖောက်စရာမလိုလို့ရေးထားပြီး ဂျုံနှင့်အသင့်ရောနယ်ရုံမို့လွယ်ပါတယ်။
ဒါကတော့ ချိစ်ရယ် ခရင်မ်မီချိစ်ရယ် ချိစ်မှုန့်ရယ်
အမွှေးနံ့အတွက် basil ကို အရွက်ပဲသုံးသုံး အိမ်မှာတော့လုပ်ပြီးသား (バジルソース)
ဆော့စ်ပုလင်းပဲသုံးလိုက်ပါတယ်။
အစပ်ကြိုက်တတ်ရင်တွဲစားဖို့ tabasco