♪♪.ကျော်နှင်းဆီလွင်.♪♪

Oct 16, 2010

နိုင်ငံရပ်ခြားပညာသင်ရာဝယ်

တနေ့က ဂျပန်တွင် ဂျပန်ဘာသာကျောင်းကို တက်ရောက်နေသော (.....)နှင့်စကားလက်ဆုံ
ကျသည်။

ဂျပန်မဟုတ်သောနိုင်ငံများဝယ် ပညာသင်ကြားခြင်းကို အတွေ့ကြုံလည်းမရှိသလို ကြားဖူးနားဝ
ဗဟုသုတလည်းမရှိတာမို့ သိပ်နားမလည်ပါ။

ဂျပန်ကတော့ ပညာတတ်တတ်၊ မတတ်တတ် နိုင်ငံခြားသားတစ်ဦးအဖို့ ငွေရှာရလွယ်သည်။
အချိန်ပိုင်းအလုပ်တွေ တနည်းဆိုရလျှင် အလုပ်ကြမ်းဟုပင် အကြမ်းဖျဉ်းခေါ်ရမည်ပင်။
၂၄နာရီ စတိုးဆိုင် ၀န်ထမ်း၊ စားသောက်ဆိုင်များတွင် စားပွဲထိုး၊ ပန်းကန်ဆေး၊ ဟိုတယ်များတွင်
သန့်ရှင်းရေး စသောအလုပ်များသည်ပင် တိုကျိုတွင် အနည်းဆုံး တနာရီလုပ်ခ ယမ်း၈၀၀ကျော်ခန့်
မြန်မာကျပ်ဖြင့်တွက်လျှင် တနာရီ ၉ထောင် တသောင်းနီးပါးခန့်ရတာမို့ တလလုပ်ခ သိန်း ဆယ်နှင့်
ချီကာ ရှာရလွယ်ပေသည်။

ဂျပန်တွင် တကယ်ပညာတတ်ကာ ကံလည်းကောင်းကာ စားပွဲပေါ်ထိုင် လခစား ကော်လာဖြူမြန်မာများ
လည်း မရှိသည်မဟုတ်၊ ရှိပါသည်။ သို့ငြား နိုင်ငံရေးဗီဇာ၊ အလုပ်ဗီဇာဝယ်ကာ လက်တွေ့တွင်
အချိန်ပိုင်းအလုပ်ဖြင့် စခန်းသွားနေသူများမှာလည်း တင်းကျပ်လာနေသော ဂျပန်လူဝင်မှုကြီးကြပ်ရေး
ဥပဒေများ၊ စစ်ဆေးမှုများအောက်တွင် ဒုနှင့်ဒေးရှိနေပါသေးသည်။

အချိန်ပိုင်းအလုပ်ကို မိမိအသုံးစရိတ် သုံးလိုသည်များအတွက်သာ အချိန်ပိုင်းမျှသာလုပ်ပြီး ပညာသင်ကြား
ရေးအတွက် ပြင်ဆင်မှုများ၊ လေ့လာမှုများပြုလုပ်နေသည်ကို ပညာတတ်တော့ကောအလုပ်ရနိုင်မှာမို့
လား၊ ဂျပန်မှာ လက်ရှိအခြေနေဟာ ဂျပန်နိုင်ငံသားတွေတောင် အလုပ်လက်မဲ့များနေ၊ ရှာရခက်နေတာ
လို့ ပြောတာမျိုးကို ဂျပန်နိုင်ငံမှာကြာရှည်စွာနေထိုင်လာပြီး တောက်လျှောက်အချိန်ပိုင်းအလုပ်လုပ်လာ
နေသော မိတ်ဆွေတဦးထံမှတောင် ယင်းသို့စကားကြားခဲ့ရဖူးပါသည်။

လောကမှာရှင်သန်မှုဟာ ဘာအတွက်လည်း..
ဘ၀ရဲ့ပြည့်စုံခြင်းဆိုတာရော ငွေကြေးဆိုတဲ့အရာတခုနှင့်မွမ်းမံထားနိုင်ခြင်းမျှသာပဲလား...
လူတွေ ကိုယ်စီ စိတ်ခံစားမှုတွေလည်း ကွဲပြားတာမို့ ...ဘာမှရယ်တော့မငြင်းလိုပါ..
မိမိဖြစ်ချင်သောလမ်းကြောင်းကို မိမိအကောင်ထည်ဖော်ကာ လိုတာရမှ ကာယကံရှင်ရဲ့ပျော်ရွှင်မှုဆိုတာ
ဖြစ်လာတာမျိုးမဟုတ်လားလို့ တွေးမိလို့ရယ်ပါ။

ဆိုရလျှင် ယင်းဂျပန်ဘာသာတတ်နေသော ခလေး(အမျိုးတော်ပါသည်) က နောက်နှစ်ကျောင်းအကူးမှာ
ဈေးပေါသောကျောင်းကို တတ်ပြီး လက်ရှိအချိန်ပိုင်းလုပ်နေသောစားသောက်ဆိုင်မှာ အလုပ်ဗီဇာရအောင်
လုပ်လိုသည် ဆိုတော့ စိတ်မကောင်းဖြစ်ရသည်။
အမျိုးလည်းဖြစ်၊ မြန်မာပြည်မှာ မိဘက ကြွယ်ဝသူမို့ အလိုလိုက်ခံခလေးတဦးက အလုပ်က နင့်နေအောင်
ဝင်သောငွေတွေကိုပဲမြင်ကာ အလုပ်၊ အလုပ်၊ အလုပ်ရယ်လို့ မဲကာ မဲကာ၊ အိပ်ချိန်လည်းနည်းပါး၊ စာဖတ်
ချိန်လည်း ဖဲ့မပေးနိုင်၊ စာလည်းမလုပ်ဖြစ်၊ ဒါကြောင့်မို့လည်း ဒီလိုပြောတော့ စိတ်ထဲ မချိတင်ကဲဖြစ်မိပါ
သည်။ ရောက်လာခါစက ဂျပန်ဘာသာ လယ်ဘယ်၂ ရအောင်ဖြေနော်၊ ကျောင်းကောင်းကောင်းတက် ၊
အလုပ်ကောင်းကောင်းရအောင်လုပ်လို့ ဆိုခဲ့သူ မိမိလည်း၊ လက်တွေ့မှာ ကြီးမြင့်လွန်းတဲ့ကျောင်းစရိတ်
ရောက်စအလုပ်မရှိလို့ မိဘကတောက်လျှောက်ပို့ပေးခဲ့တာတွေ၊ ကိုယ်တိုင်လည်း ဘာမှမကူညီနိုင်ပဲ
ကာယကံရှင်သာ မိမိဘ၀ မိမိရုံးကန်ရတာတွေ မြင်နေရသူမို့ ဘာစကားမှလည်း မဆိုနိုင်တော့ပါ။

လူတွေဟာ အကြံသာပေးလို့ရမည်လေ။ လက်တွေ့မှာ မိမိဘ၀ မိမိဘာသာ ရုန်းကန်ရပြီး
မိမိလျှောက်မည့်လမ်းကို မိမိဘာသာရွေးချယ်ကြသည်ကိုး။ ဒီအချိန်မှာ စာကြိုးစားလိုလည်း သူ့အတွက်
အချိန်မမီသည်မဟုတ်ငြား၊ အိမ်ကငွေထပ်တောင်းဖို့ဆိုတာလည်း မိဘတွေအတွက် ၀န်ဖြစ်စေမည်ထင်သလို၊ ငွေနှင့်ပညာကြား ငွေကိုအလွယ်ရွေးဖို့စဉ်းစားလိုက်သည်ဟုထင်ပါသည်။

မြန်မာပြည်မှာရှိစဉ် သူငယ်ချင်းအမျိုးမျိုးရှိပါသည်။ ငွေကြေးမတတ်နိုင်သော်ငြား စာကြိုးစားထူးချွန်သူတွေ
က ငွေကြေးမသုံးနိုင်လို့ နိုင်ငံရပ်ခြားပညာသင် မသွားနိုင်လို့ညည်းကြသည်။ (အစစအရာရာမထူးချွန်ပဲ တမျိုးတည်း ထူးချွန်သူများပါသည်။ ဆိုလိုသည်မှာ အစစအရာရာ ဥပမာ ဂျပန်စာ၊ အင်္ဂလိပ်စာ၊ တက္ကသိုလ်GPAကောင်းသူတွေကတော့ ပညာသင်ထောက်ပံ့ကြေးဆု ရနိုင်သောကြောင့် ဖြစ်သည်။ ယင်းသို့ ထူးချွန်မှုကြောင့်စကော်လာရပညာသင် မြန်မာကျောင်းသားများလည်း အတော်တွေ့ရပါသည်။) ငွေကြေးပြည့်စုံသူလေးတွေက မိဘအရိပ်အောက်မှာ အကောင်းဆုံး ဘာသာစကားကျောင်းတွေသွား၊ မိဘရဲ့ငွေတွေကုန်၊ စာတကယ်မကြိုးစားခဲ့လေသမျှ ဂျပန်ရောက်တော့ ထောင်ချောက်ထဲပိတ်မိသော သားကောင်လေးတွေလို ဖြစ်ကြသည်။ ရင်းလာခဲ့သော သိန်းရာကျော်အတွက် ပြည်တော်ပြန်ရန်လည်းခက်၊ ကျောင်းမှာစာတွေကလည်းခက်၊ နောက်နှစ်ကျောင်းလခနှင့်နေ၊စားစရိတ် သိန်းရာဂဏန်းစုမိဖို့ အချိန်ပိုင်းအလုပ်ကို မချစ်သော်လည်း အောင့်ကာနမ်းလို့၊ စာကျက်ဖို့အချိန်ကလည်းရှားပါးပြန်သည်။
မြန်မာပြည်မှာတော့ ဂျပန်သွား ကျောင်းတက်ပြီး ငွေရှာနိုင်လျှင်ပဲ အထင်တွေကြီးလို့ နိုင်ငံရပ်ခြားမှာ
ဘယ်လောက်ရုန်းကန်ရလည်း ဆိုတာတော့ ကာယကံရှင်သာ ခံစားရာအရာဖြစ်ပေသည်။

ကောလိပ်၊ တက္ကသိုလ်အဆင့်တွေပြီးတော့ ကျောင်းကဘာသင်လိုက်သလည်းတောင်ကောင်းကောင်း
နားမလည်လိုက်သူတွေလည်းရှိသည်။ သည်လိုဖြင့် အလုပ်ရဖို့၊ ဗီဇာဆက်ဖို့အရေးခက်ကြရပြန်သည်။

သည်ပို့စ်လေးဘာကြောင့်ရေးသလည်းဆိုတော့ အားလုံးကို အနာဂတ်ကောင်းစေချင်ပါသည်။
ဂျပန်လာမည် ကျောင်းလာတတ်မည်စိတ်ကူးလျှင် ဂျပန်ဘာသာကို အနည်းဆုံး လယ်ဘယ် ၂ သို့
၁အောင်တဲ့ထိလုပ်ပြီး လာစေချင်ပါသည်။ ဂျပန်မှာ ကော်လာဖြူမြန်မာတွေပြည့်နေတာ မြင်လိုစမ်းပါသည်
...

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ♪♪♪


11 comments:

SHWE ZIN U said...

ညီမ ပြောတာနဲ့ ပိုက်ဆပ်တောင် လာရှာခြင်လာပြီ တနေ့ တသိန်းလောက် ဆိုတော့ ရှာချင်ကြတော့တာပေါ့နော်

ပညာ ကနောက်မှ ဖြစ်သွားကြတာပေါ့နော်

khun thadar said...

အင်း... အမှန်ဘဲအစ်မရေ။

ကျော်နှင်းဆီလွင် said...

မနော်...မရေးထားတာဖတ်တော့ ရယ်မိတယ်
ရှင်းပြကာမှ ပိုဆိုးသွားသလားလို့ :D

ညီမရေ လက်တွေ့တွေပဲနော်...
ဒါကြောင့်စိတ်ညစ်စရာတွေရှိလည်း ကိုယ်ကကံကောင်းသူ၊
ထူးချွန်သူမို့ သိပ်မတွေးနဲ့၊ ပျော်အောင်နေ။
;)

Myanmar Good Knowledg Co., Ltd said...

ဘေးပတ်ဝန်းကျင် လွှမ်းမိုးမှု ၊
ခေတ်ရေစီးကြောင်းနဲ့ ကင်းကွာမှု၊
ဆိုတဲ့ မိမိရောက်ရှိတဲ့နေရာတွေက အရေးပါသလို၊
မိမိဆန္ဒတစ်ခုတည်းကိုပဲ အရေးထားသူ၊
အရာရာလွယ်ကူစွာရသော အခြေအနေတွင်ရှိနေသူ၊
ဘာမဆို အသေအကြေကျိုးစားရသူ၊
ဆိုတဲ့ လူအမျိုးမျိုးလည်းရှိလေရဲ့။
အဲဒါထက် အဓိကပိုကျပြန်တဲ့၊
အခုလက်ရှိ ဂျပန်နိုင်ငံဟာ၊
ဂျပန်လူမျိုးတွေအတွက်တောင်ရပ်တည်ရခက်တဲ့ အချိန်အခါဖြစ်နေတော့ ၊ ချစ်ညီမ ကျော်နှင်းဆီလွင်ပြောသလို ကျွန်မအပါအ၀င် မြန်မာလူမျိုးတွေ အဆင်ပြေတဲ့ ဘ၀တစ်ခုကိုပိုင်ဆိုင်ကြဘို့ကိုပဲ ဆုတောင်းနိုင်တော့တယ်နော်။

ကျော်နှင်းဆီလွင် said...

မမွန်ရေ
အမှန်ပဲနော်
ဂျပန်ဟာ တော်ရုံတတ်သိတယ် ဆိုတာလောက်နဲ့ဝင်တိုးလို့
မလွယ်လောက်အောင် ကျပ်လာတာမို့ မိမိအပါအ၀င်
အခြေနေ အချိန်ခါ အခြေနေကောင်းတွေ လူအများပိုင်ဆိုင်ခွင့်ရပါစေလို့ ဆုတောင်းမိပါတယ်...

nu-san said...

ညီမရေ.. ဒီပို့စ်ဖတ်ပြီး ဘာပြောရမှန်းတောင် မသိတော့ပါဘူးဟယ်.. တချို့က ဂျပန်လာချင်တယ် ဘာလုပ်ရမလဲ ဘာညာမေးရင် အမ မဖြေတတ်ဘူး.. တစ်ယောက်နဲ့တစ်ယောက် ကြုံတွေ့နေရတဲ့ အခက်အခဲတွေက မတူဘူးဆိုတော့ အကြံဥာဏ်လည်း မပေးတတ်ဘူး.. အလွန်ဆုံးအကြံပေးနိုင်တာ ဂျပန်စာ ကောင်းကောင်း လုပ်လာပါလို့ပဲ ပြောတတ်တယ်.. နောက်ပြီး အမကတော့ ကျောင်းနဲ့ပတ်သက်တာ မှန်သမျှ ဘာမှကို မသိတော့ သူများကိုလည်း မပြောရဲဘူး.. အမ အရင်တုန်းက သူငယ်ချင်းတချို့ဆို ဂျပန်စာသင်တန်းကျောင်းတက်တယ် ပြီးတော့ အလုပ်ရှာတာ.. ဒီကြားထဲတော့ အချိန်ပိုင်းပေါ့.. အဲဒါတောင် သူတို့လည်း အချိန်တော်တော်ကြာမှ အလုပ်ရတယ်.. အခုနောက်တစ်ယောက်ကတော့ ဒီကနေ မာစတာ ကျောင်းပြီးလို့ အလုပ်ရှာနေတာ မရသေးလို့တဲ့.. အမကို လှမ်းမေးတယ်.. အမလည်း မပြောတတ်ဘူးပေါ့နော်.. ညီမပြောသလိုပါပဲ.. အရာရာကိုယ့်ပေါ်မှာပဲ မူတည်ပါတယ်.. ဖြစ်လာသမျှ ကိုယ်ပဲ ရင်ဆိုင်ရမှာ.. အဲဒါတွေကို ကောင်းကောင်းခံနိုင်ရည်ရှိတယ် အစမ်းသပ်ခံနိုင်တယ်ဆိုရင် တနေ့တော့ အောင်မြင်ရမှာပေါ့. :))

လသာည said...

တကယ်ပါပဲ.. မလာခင်တော့ အများကြီး အိပ်မက်တွေနဲ့ပေါ့။ ပိုက်ဆံအတွက် ပိုက်ဆံရင်းပီး လာရရှာတာ။။ သနားပါတယ်..

Myanmar Good Knowledg Co., Ltd said...

ညီမရေ

စီဘောက်စ်မရှိလို့ ဒီမှာ ရေးခဲ့မယ်နော်။
ညီမတင်မယ့် ကွန်းညပ်ကု ဟင်းက ညီမချက်မှာလား
ညီမရဲ့ “သူ”ချက်တာလား
m^-^m

ကျော်နှင်းဆီလွင် said...

မနုရေ
ဂျပန်က လတ်တလော ခေတ်ကျပ်ကြီးဖြစ်နေပြီး ဂျပန်လူမျိုးအလုပ်လက်မဲ့တွေတောင် တနေ့တခြားတိုးပွားလာတာမို့ ရင်မောစရာပေမဲ့ မှန်းတာမလွဲရင်တော့ အင်္ဂလိပ်စာနှင့် ဂျပန်စာကို ကောင်းကောင်းနိုင်နင်းသော နိုင်ငံခြားသားတွေ အလုပ်အကိုင် ပေါ်လာကိန်းရှိတယ်လို့ ထင်ရသလိုပါပဲ။

မညရေ ကျန်းမာရေးဂရုစိုက်နော် မအားရင် ကွန်မန့်မချန်လည်းရတယ်သိလား ချစ်လို့ပြောတာ

မမွန်ရေ သူချက်လိုက် ညီမချက်လိုက်ပါပဲ
ဒီနေ့တော့ သူနေ့လည်စာမစားတာနဲ့ ကြက်သားဟင်းနဲ့အာလူး စပ်စပ် ဆီပြန်တခွက်၊ ငပိထောင်းနဲ့ အပီစားလိုက်တယ် သိလား
:D

kokoseinygn said...

“နိုင်ငံရပ်ခြားမှာ
ဘယ်လောက်ရုန်းကန်ရလည်း ဆိုတာတော့ ကာယကံရှင်သာ ခံစားရာအရာဖြစ်ပေသည်။”
မှန်ကန်သောအရေးအသားဖြစ်ပါတယ်...မကြာခဏဖတ်ဖြစ်ပေမယ့်
ဒီတစ်ခါတော့စာဝင်ေ၇းသွားပါတယ်။
အန္တရာယ်ကင်းဘေးရှင်းပြီး လိုအင်ဆန္ဒတွေပြည့်ပါစေ။

ကျော်နှင်းဆီလွင် said...

ဆုတောင်းပေးတာကျေးဇူးပါရှင်

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews