♪♪.ကျော်နှင်းဆီလွင်.♪♪

Apr 11, 2010

ဂျပန်မှာလိပ်စာပြောင်းလျှင်

၁။ နိုင်ငံခြားသားကဒ်တွင်လိပ်စာသစ် စာရင်းသွင်းခြင်း
ဂျပန်မှာအိမ်ပြောင်းတဲ့အခါ နိုင်ငံခြားသားမှတ်ပုံတင်ကဒ်ကိုင်ဆောင်ထားသူ
နိုင်ငံခြားသားတိုင်းဟာ ယကုရှော့yakusho役所လို့ခေါ်တဲ့ မြို့နယ်ရုံးမှာ
လိပ်စာသွားပြောင်းရပါတယ်။ ကဒ်ပြားနောက်မှာ လိပ်စာသစ်စာရင်းထပ်မံ
ရေးဖြည့်ပြီး သူတို့ဆီမှာ မှတ်တမ်းယူထားလိုက်တဲ့သဘောပါပဲ။

၂။စာတိုက်သို့ လိပ်စာပြောင်းခြင်းအား အကြောင်းကြားခြင်း
လိပ်စာပြောင်းတဲ့အခါ အခက်ခဲအများဆုံးကြုံခဲ့ဖူးတာကတော့ စာအဆက်သွယ်ပါပဲ။
ယခုခေတ် ဖုံးတွေခေတ်စားလာပြီး အင်တာနက်သုံးရ အင်မတန်လွယ်လာသောခေတ်မို့
ဖုံးအခွန်စာရွက်လိုမျိုးကို ဖုံးကနေပဲ အင်တာနက်သုံးပြီး လိပ်စာအလွယ်တကူပြောင်းလို့
ရပါတယ်။ အခြား သက်ဆိုင်ရာ၊ပတ်သက်ဆက်နွယ်မှုရှိသော ကျောင်း၊ရုံး စတဲ့နေရာတွေ
ကိုလည်း မိမိက လိပ်စာသစ်ကို အကြောင်းကြားအသိပေးရုံမို့ ခက်တဲ့ကိစ္စတော့
မဟုတ်ပါဘူး။

သို့ငြားအခက်ကြုံရတာကတော့ အိမ်ပြောင်းခါစ တစ်ပတ်နှစ်ပါတ် ဆိုတဲ့အတောတွင်းမှာ
အရေးကြီးတဲ့ စာမျိုးက မိမိဆီရောက်ရှိလာမည့် လမ်းခုလတ်လိုအခြေနေမျိုးမှာဆိုရင်တော့
အခက်တွေ့ရတတ်ပါတယ်။ အထူးသဖြင့် အချိန်ရှား၊အလုပ်များ၊ရထားခဈေးကြီးတဲ့ဂျပန်လို
နေရာမျိုးမှာ အရင်နေခဲ့တဲ့အိမ်ကို ခဏခဏသွားယူဖို့ဟာလည်းပင်ပမ်းပါတယ်။

အဲလိုအခါမျိုးမှာ စာတိုက်ကို မိမိအိမ်ပြောင်းတာနှင့်တပြိုင်နက် မိမိအမည်ဖြင့်လာသော
စာများကို အိမ်လိပ်စာအသစ်သို့ပြောင်းလဲပေးပို့ပေးရန် အကြောင်းကြားလျှောက်လွှာတင်
လို့ ရပါတယ်။


အထက်ပါ လျှောက်လွှာဖောင်လေးတွေကို
စာတိုက်မှာ ထားပေးထားတာမို့ စာတိုက်မှာတိုက်ရိုက်ယူ ရေးဖြည့်တင်လို့ရသလို
အင်တာနက်မှတဆင့်လည်း သွားရောက်ဖြည့်သွင်းလျှောက်ထားလို့ရပါတယ်။

(ထပ်မံဖြည့်စွက်ချက်)
၃။ အိမ်ပြောင်းရွှေ့သောအခါ ပစ္စည်းရွှေ့ပြောင်းသယ်ယူခြင်း
အိမ်ပြောင်းတဲ့အခါ ဂျပန်ကိုရောက်စ အထုပ်ပိုးနည်းပါးလျှင်၊ ခရီးဆောင်သေတ္တာထဲ စုပြုံထည့်
ရထားနဲ့တခါတည်း သယ်သွားလို့ရနိုင်ပေမဲ့၊  စက်ဘီးအသုံးများသော ဂျပန်နိုင်ငံမှာ စက်ဘီး
တဘက် တဖြည်းဖြည်းနဲ့ နှစ်ချီလာတာနှင့်အမျှ စုပုံလာမယ့် ပစ္စည်းတွေများလာရင်တော့
သယ်ရတာမလွယ်ပါဘူး။ ရထားနဲ့အခေါက်ခေါက်သွားသယ်ဖို့ရာလည်း ရထားခဈေးကြီးပြန်
အချိန်ကလည်း ရှားပါးပြန်၊ စက်ဘီးလို ရထားပေါ်တင်မရတဲ့ ပစ္စည်းမျိုးတွေ ပရိဘောဂမျိုးတွေပါ
ရှိလာတဲ့အခါ အခက်တွေ့ရပါတယ်။

အဲလိုအခါမျိုးမှာ ဂျပန်အခေါ် 宅急便・たっきゅうびん・takkyuubin လို့ခေါ်တဲ့ ဂျပန်နေထိုင်သူများ
ကတော့ မျက်မှန်းတန်းမိပြီးဖြစ်မှာပါ။ ကြောင်နက်ပုံလေးနဲ့အမြန်ချောပို့ခြင်းကို Family Mart
7. 11 Store ကဲ့သို့သော ၂၄နာရီဖွင့်သည့်ကွန်ဘီနီ စတိုးအတော်များများမှာ သွားပို့လို့ရပါတယ်။ 
တဖက်ကိုပို့စေချင်သော ရက်နဲ့အချိန်ကိုသာပြောထား ရေးဖြည့်ထားလိုက်ရင် 
အဲဒီ့ရက်အဲဒီအချိန် အရောက်လာပို့ပေးပါတယ်။

နောက်တမျိုးက မြန်မာလူမျိုးဦးစီးလုပ်ကိုင်သော ကားနဲ့ ပစ္စည်းပို့ဆောင်ပေးဖို့ အပ်နှံလို့ရပါတယ်။
အဲဒါက ပစ္စည်းလာယူသောကားကို မိမိအိမ်ဟောင်းကစောင့်ပြီး၊ 
တဖန် အိမ်အသစ်မှာ ချက်ချင်းရထားနဲ့ပြန်စောင့်ရတာမျိုးရှိပါတယ်။ 
ဒီ့ထက်တော့ ထဲထဲဝင်ဝင်မသိပါ။ ဒီလိုဆားဗစ်စ်မျိုးနဲ့ မြန်မာပြည်ကို ပစ္စည်းအိမ်အရောက်ပို့ပေးသော
ဝန်ဆောင်မှုလုပ်ငန်းမျိုး စတာတွေသိချင်ရင် ဂျပန်နိုင်ငံမှာထုတ်ဝေသော မြန်မာဘာသာဂျာနယ်
ဧရာဝဏ်ဂျာနယ် ကို ဖတ်ကြည့်သင့်ပါတယ်။ တကဒါနိုဘာဘာကဲ့သို့ မြန်မာစတိုးဆိုင်တွေမှာ
ရောင်းလေ့ရှိပါတယ်။

နောက်တမျိုးက ကားစင်းလုံးဌားပြီး မိမိဘာသာကားမောင်းပြီး ပစ္စည်းရွှေ့ပြောင်းသယ်ယူခြင်းပါ။
ဒါကိုတော့ဂျပန်အခေါ် レンタカー れんたかあလို့ခေါ်ပါတယ်။
ဒါကတော့ မှိုလိုပဲ ကားငှားလုပ်ငန်းတွေအလွန်ပေါများပါတယ်။
နမူနာတစ်ခုအဖြစ် ကားငှားတဲ့ လုပ်ငန်းတခုကို ဒီမှာသွားရောက်လေ့လာနိုင်ပါတယ်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ။


9 comments:

လသာည said...

ဗဟုသုတလေးများကို ကျေးဇူးအထူးတင်ပါတယ်။ သိသင့်တဲ့အချက်လေးတွေပါပဲ ညီမလေးရေ..။

မြတ်နိုး said...

အိမ်ပြောင်းပီး ၁ပတ်အတွင်းမဟုတ်တောင်.. မပြောင်းခင် ကြိုပီး စာတိုက်မှာသွားပြောလိုက်လဲဖြစ်ပါတယ်..

Rita said...

အော် သူများနိုင်ငံတွေမှာ ဘာပဲဖြစ်ဖြစ် စနစ်တကျ ရှိလိုက်တာနော်။

ကျော်နှင်းဆီလွင် said...

မညရေ
မညလောက်အရေးသားမတော်ပါဘူးနော်
:D

မမြတ်နိုးရေ
လိုတာလေးဖြည့်ပြောပေးတာ ကျေးဇူးပါနော်
:)

ရီတာရေ
နိုင်ငံ့ဝန်ထမ်းဆိုတာ နိုင်ငံ(ပြည်သူ့)အခွန်နဲ့ တာဝန်ထမ်းဆောင်နေကြတာမို့ အထူးသဖြင့် ဂျပန်လိုနိုင်ငံမျိုးမှာ အစိုးရဌာနတွေနဲ့အစိုးရ၀န်ထမ်းတွေ
ဆားဗစ်စ်ကောင်းပုံနှင့် ပြည်သူ(Customer)ကို အလွန်ဖော်ရွေပြီး ပျူဌာယဉ်ကျေးစွာ ဆက်ဆံကြတာ အတုယူစရာပါ။
:)

မြတ်နိုး said...

ဟုတ်တယ်နော်..အိမ်ပြောင်းရင် သယ်ရတာအတွက် အဲဒါတွေလိုတယ်။ တချို့က ကား၁ရက်ငှားပီးသူငယ်ချင်းတွေနဲ့သယ်ကြတယ်..တချို့က အငှားသယ်ပေးတဲ့ ဟာမျိုးလည်းတွေ့ဘူးတယ်..

အဟီး..ကိုယ်က အခု ၃ခါပြောင်းဖူးတာ.. တခါမှကိုယ်တိုင်သိပ်မပင်ပန်းလိုက်ဘူး။ ပထမက အိမ်ပွဲစားက ကိုယ့်တော်ကီမှာမျောပီး သူ့ကားနဲ့လာသယ်ပေးတယ်။နောက်တော့ ကိုယ်တို့ကျောင်းကားမောင်းတဲ့ ဘဘက သူ့ကားနဲ့ ကိုယ့်သူငယ်ချင်းတွေကရေခဲသေတ္တာနဲ့အခြားဟာတွေသွားသယ်ပေးတယ်။ မီးတွေကအစသူတို့ဆင်ပေးပီးတန်းတွေပါဆင်ပေးတယ်။ကိုယ့်ဂျပန်ညီမက အိမ်လာကူရှင်းပေးတယ်။
ဒုတိယတခေါက်က ကိုယ့်ဂျပန်အမေအိမ်ကကားနဲ့သယ်တယ်။သူတို့အိမ်ကို။
တတိယတခေါက်က ကိုယ့်ဂျပန်အန်တီတွေရဲ့ချစ်ချစ်တွေရယ် အခုနေတဲ့အိမ်ရှင်တွေရယ် လာသယ်ပေးတယ်။
ဒီတော့ ကိုယ်က အိမ်ပြောင်းရတဲ့ကိစ္စကို သိပ်မသိဘူး။

khun thadar said...

မရေ...
ဒီမှာဘဲ ၀င်ပြီးနှုတ်ဆက်သွားတယ်နော်...
ဒီနေ့သင်္ကြန်အကြိုနေ့ မရယ်...
ဘယ်သူတွေဘာပြောပြော.. မြန်မာပြည်မှာမွေးပြီး ကြီးခဲ့တဲ့
သူတွေအတွက် ဒီအချိန်ဟာ.. လွမ်းလို့အကောင်းဆုံးအချိန်ဖြစ်မယ်
ထင်တယ်နော်..

နှစ်သစ်မှာ စိတ်ချမ်းသာကိုယ်ကျန်မာနဲ့
အရာရာ အခက်အခဲမရှိအဆင်ပြေပျော်ရွင်နိုင်ပါစေနော်...

ချစ်တဲ့
ခွန်

nu-san said...

ညီမရေ.. အခုလို ဂျပန်မှာ သိသင့်သိထိုက်တာတွေကို ဝေမျှပေးတဲ့အတွက် ကျေးဇူးနော်.. ဗဟုသုတလည်းရတယ်.. သိချင်တာရှိရင် မြန်မာလိုရေးထားပေးတော့ ဖတ်ရတာ လွယ်ကူတာပေါ့.. နောက်ရက်တွေမှ ပို့စ်အဟောင်းတွေ အေးအေးဆေးဆေး လာဖတ်ဦးမယ်.. မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေနော်.. :)

lonetone said...

ဂျပန်နိုင်ငံဆိုင်ရာ ဗဟုသုတများ ရနိုင်တဲ့ဆိုဒ်မို့ လင့်ခ်ခွင့်ပြုပါ။ မကြာခဏလည်း လာဖတ်ဖြစ်ပါတယ်။ နောက်လည်းလာလည်မယ်ဗျ။

ကျော်နှင်းဆီလွင် said...

ကိုလုံးတုံးရေ
လာလည်တာကျေးဇူးပါနော်။
ခုကစပြီးသူငယ်ချင်းဖြစ်ခွင့်ပြုပါ။

Post a Comment

ရေးချင်တာလေးတွေရှိရင်....
အချိန်ပေးရေးပေးတဲ့မှတ်ချက်တွေအတွက်ကျေးဇူးတင်ပါတယ်ရှင်
မပြန်ဖြစ်ရင်ခွင့်လွှတ်ပါ

အလည်လာသူများ

free counters

Total Pageviews