♪♪.ကျော်နှင်းဆီလွင်.♪♪

Mar 30, 2010

တောင်တက်ရင်း・・・

မနေ့က တောင်သွားတက်ကြတယ်
ရှင်ဂျုကုကနေ ၁နာရီကျော်ခန့်အမြန်ရထားစီးသွားရတဲ့ 高尾山တကအိုတောင်ပေါ့

အဲဒီမှာ ရေတံခွန်ရှိတယ်။ တီဗွီအစီစဉ်မှာကြည့်ဖူးလို့သိထားတာကတော့
အဲဒီရေတံခွန်အောက်ဝင် ရေချိုးပြီး ကံအညစ်ကြေးတွေဆေးတဲ့ခံစားချက်မျိုးနဲ့
စိတ်ဓါတ်ပိုင်းဆိုင်ရာ ခိုင်မာမှုအတွက် ပြုလုပ်တဲ့ အစီစဉ်လေးပါ။

တွေးမိတာကတော့ ဒီလောက်အေးတဲ့တိုင်းပြည်၊ အအေးဆုံးဆိုတဲ့ဒီရာသီမှာ
အနားရပ်ရုံတင်အေးစက်နေတဲ့ရေငွေ့ကြောင့် ခိုက်ခိုက်တုန်နေတာတောင်
ကျောက်ဆောင်တွေကြားဆင်းပြီး ရေတံခွန်အောက်ဝင်တယ်ဆိုတာမျိုးဟာ
ပြောရရင် စိတ်ဓါတ်ပိုင်းဆိုင်ရာ ကျင့်စဉ်တမျိုးပါပဲ။
ဖတ်ခနဲတွေးလိုက်မိပါတယ်။ ဂျပန်တွေစိတ်ဓါတ်ပြင်းတယ်ဆိုတာ ဒါမျိုးတွေကြောင့်ကိုးလို့။
ပြင်းပြခိုင်မာတဲ့စိတ်ဓါတ်ရှိတာကောင်းမွန်ပေမဲ့ မလိုတဲ့နေရာမှာထားမိရင်လည်း
အန္တရာယ်များစေတတ်တာမျိုးပါ။

ပြုလုပ်ချင်သူဟာ အင်တာနက်မှကြိုတင်စာရင်းပေးရပါတယ်။
ဒီနေရာလေးမှာသွားရောက်ကြည့်ရှုနိုင်ပါတယ်။

ရထားဆိုက်တော့သူအရင်ပြေးတယ်။ အချိန်မမှီမှာစိုးလို့ပါ။ ပြီးတော့ပြောတယ်။
မြေပုံသေချာကြည့်နော်တဲ့။ တောင်ထဲ ဖုံး(မြေပုံ)သုံးလို့ရမှာမဟုတ်ဘူးတဲ့။
ကိုယ်ကအေးဆေးနောက်ကလိုက်ပါတယ်။
ဆိုင်တွေဝင် တခုချင်းငေးရတာဝါသနာပါသူပီပီ တော်တော်နဲ့တောင်စပ်ဆီကိုတောင်မရောက်ပါဘူး။
တောင်စပ်မှာ ဇာတ်လမ်းစတာပေါ့။ လမ်းခွဲတွေ။ ၆လမ်းခန့်ရှိသတဲ့။
ဒါပေမဲ့ရေတံခွန်ဘက်ကတော့ တလမ်းထဲပါ။ လမ်းနံပါတ်၆။
မြေပုံဘုတ်ကြီးရှေ့ရပ်တယ်။ ခပ်တည်တည်နဲ့။ မျက်စိနောက်လာတယ်။
လူတွေအများကြီးဝင်ဝင်သွားတဲ့ညာဘက်လမ်းကို ခပ်တည်တည် တက်လာတယ်။
တော်တော်မောတယ်။ အတက်ချည်းမို့ပါ။ ခရက်ကာစားလိုက် ရေသောက်လိုက်နဲ့
အကွေ့တနေရာရောက်လာတယ်။

ရောက်တဲ့နေရာကလှမ်းကြည့်တော့အောက်ကလူတွေကိုခပ်ပျပျလှမ်းမြင်ရတယ်။


ဘာရယ်မဟုတ်ဖုံးထုတ်ပြီး လိုင်းကမိသေးတာမို့ရောက်တဲ့နေရာရှာကြည့်လိုက်တော့
အိုး တလွဲ ကိုယ် ရေတံခွန်နဲ့ဆန့်ကျင်ဘက်လမ်းပေါ်ရောက်နေပြီ
အိုး ကြိုးစားပန်းစားတက်လာလိုက်ရတာ။
သြော် ငါတယောက်တည်း တက်ဖြစ်တော့လည်း ဗဟုသုတရတာပေါ့လေ
ဖြေတွေးလေးတွေး
အဲလိုနဲ့ဦးကြီးတယောက်ကိုမေးပြီး ပြန်ဆင်းလာ ဆိုင်တွေကို ထပ်မံငေးမော
ပြီးတော့ရေတံခွန်ရှိရာခရီးဆက်တယ်။ ဖုံးကလိုင်းမမိတော့ဘူး
လမ်းကလည်းကြောက်စရာ လူပြတ်တယ် လမ်းကြမ်းတယ်။
နောက်မှသိတယ် ရေတံခွန်ရှိတဲ့လမ်းနံပါတ်၆က အကြမ်းဆုံး
တောင်ပေါ်ကို အမြန်ဆုံးရောက်သောဖြတ်လမ်း သို့ငြား
အမြင့်တန်း တောင်တက်သမားများတက်ရန်တဲ့။

အမှန်တော့သူကိုယ့်ဖုံးကိုမေးလ်ပို့ထားတယ်။
တောင်အောက်မှာပဲ ဆိုင်တွေပတ် မုန့်စားပြီးစောင့်ရင်စောင့်တဲ့။
ကိုယ်မသိဘူး။ လိုင်းမမိတော့ဝင်မလာဘူး။ အပြန်တောင်အောက်ရောက်မှသိရတယ်။


ကိုယ်ရောက်တော့ ပွဲစတာမို့ မီသွားတယ်။ ကံကောင်း။
သူပြီးသွားတော့ သူ့ကို (ကိုယ်မပါပဲ) ဆန်ခေါက်ဆွဲပြုတ်ပူပူတပွဲကျွေးတယ်။
ပြီးတော့နှစ်ယောက်သားတောင်ပေါ်ဆက်တက်ကြတယ်။
ခုနကကြမ်းတယ်ဆိုတာထက်ကို လမ်းက ပိုကြမ်းလာတယ်။

သူရလာတဲ့ ကောက်ညှင်းပေါင်းပူပူလေးတထုပ် နှစ်ယောက်သားစားရင်းတက်လာတယ်။

အဲလိုနဲ့တောင်ထိပ်ပေါ်ရောက်လာသည်။
အပြန်ကျတော့ နတ်ကျောင်းတွေဝင်ရင်း အခြားလမ်းသွယ်မှပြန်လာသည်။
အလွန်သက်သာသောလမ်းဟုဆိုရမည်။
သူများတွေမောနေချိန် ကိုယ်တို့ကတော့ အလွန်လန်းနေမြန်နေသည်။
(အီ)တွင်အတွေးတစ်ခုရသည်။
ပိုမိုခက်ခဲသောအရာကိုကြုံထားပြီးလျှင် သာမန်ခက်ခဲမှုလေးများသည်ပင် လွယ်သွားသည်ဆိုခြင်း။
အတွေ့ကြုံဆိုသည်မှာ သည်လိုကိုး။
ဒါကြောင့်တောင်တခါတက်တိုင်းတခါပညာရသည်။

အပြန်ကျတော့နှစ်ဦးသား လမ်းခုလတ်ဘူတာက နာမည်ကြီးသောခေါက်ဆွဲသွားစားကြသည်။

 

အပြန် သူအချိုစားချင်တော့ ပေါင်မုန့်ဆိုင်ဝင်။ ကိုယ်ကတော့အိမ်ရောက်မှစားသည်။


Captain Jaz Sparrow ရဲ့ Pirates of the Caribbean 4 ရုပ်ရှင်လေးသိပ်ကြိုက်တာတောင် ဆုံးအောင်မကြည့်နိုင် အိပ်ပျော်သွားသည်။

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ
၂၈ရက်၃လ၂၀၁၀ခုနှစ်အမှတ်တရ


Mar 24, 2010

သူငယ်ချင်း

ဘ၀မှာ လူရယ်လို့ဖြစ်လာလျှင် လူ့အသိုက်ဝန်းလူ့ဘောင်နှင့်ကင်းကွာလို့မရဘူးဆိုသလိုပါပဲ
မိဘဆွေမျိုး၊ ဖူးစာဖက်
အဲဒီနောက် လူမှုဘ၀ရဲ့အရေးအကြီးဆုံးပေါင်းသင်းဆက်ဆံမှုက သူငယ်ချင်းပဲပေါ့။
တခါတရံချစ်သူတွေ၊ အိမ်ထောင်ဖက်တွေတောင် ပြတ်စဲကြ ကွဲကွာကြ
တသက်လုံးမခေါ်မပြောဖြစ်တော့တဲ့အခါ သူစိမ်းတွေဖြစ်သွားတတ်တာမျိုး ။

မိတ်ဆွေကောင်းဆိုတာကတော့ စိတ်တူကိုယ်တူ တစိတ်တ၀မ်းတည်းမဟုတ်ရင်တောင်
မတူညီကွဲပြားတာတွေကို နားလည်လက်ခံပေးနိုင်သူ
ရင်ဖွင့်စရာတွေရှိလာတဲ့အခါ မိမိဆီကိုလာပြီး
မိမိကရင်ဖွင့်တဲ့အခါမှာလည်း အတူတူပျော်ပေးသူ အတူတူငိုပေးသူ။

တခါတလေတော့ လူဆိုတဲ့သဘော အကဲမဖြတ်နိုင်တာမျိုးလည်းရှိတယ်
ကြာကြာပေါင်းလေ အကြောင်းသိလေဆိုသလို
တခါတရံ တံလျှပ်လို လက်ရုံသာလက်တဲ့ တခဏတာအဖော်လာလုပ်တာမျိုးလည်းရှိတတ်တယ်
ခွဲခြမ်းစိတ်ဖြာဖို့ခက်ပေမဲ့ နှစ်တွေကြာလာတာနှင့်အမျှ ပိုနားလည်သဘောပေါက်လာမှာမျိုးပေါ့

လူဆိုတာ အမိတ၀မ်းတည်းဖွားတာတောင် အမြင် သဘောထား အကြိုက်မတူတာမျိုးတွေရှိတယ်
ဒါကို ကိုယ့်အကြိုက် ကိုယ့်စိတ်ဆိုတဲ့ပေတံကြီးနဲ့လိုက်တိုင်းပြီးပေါင်းသင်းရင်တော့ မောရုံပဲရှိမပေါ့
မိတ်ဆွေကောင်းရဖို့ဆိုတာ ဦးဆုံး မိမိကမိတ်ဆွေကောင်းဖြစ်ဖို့လိုတယ်။

မိတ်ဆွေကောင်း ဟုတ်မဟုတ်ဆိုတာကလည်း ပေတံနဲ့တိုင်းထွာသလို
အလွယ်တကူ ခန့်မှန်းတိုင်းတာလို့ရတဲ့အရာတော့မဟုတ်ပေဘူး
သို့ငြား တခုခုအရေးကြုံလာတဲ့အခါ ...
အခက်ခဲတွေ တိုက်ခိုက်မှုတွေ စွပ်စွဲမှုတွေ ကိုယ့်အနားဝန်းရံလာတဲ့အခါ
အနားမှာသူက ၀ိုင်းကြံ့ကြံ့ခံလို့အတူရှိနေပေလိမ့်မယ်
တလောကလုံးက သင့်ကိုအထင်မြင်မှားနေတဲ့အချိန်မျိုးမှာတောင်
သူများယောင်လို့လိုက်မယောင်ပဲ မိမိအကြောင်းကောင်းကောင်းသိပြီး
ယုံကြည်စွာ မိမိဘက်ရပ်တည်ပြီး အားပေးနှစ်သိမ့်ပေးမယ့်သူပေါ့။

နှုတ်ဖျားဆီက စကားလုံးတွေက စီးဆင်းဖို့ခက်တယ်။
မင်းအတွက် ကိုယ်အဆင်သင့်ပါ မိတ်ဆွေကောင်းပါ လို့လည်း ဘယ်တော့မှမပြောဘူး
ပေတံမဟုတ်ပေမဲ့ ရင်ထဲမှာ ဘယ်သူဟာ ဘယ်လောက်ထိပဲပေါင်းလို့ရတယ်
ဘယ်သူဟာ ရင်ထဲမှာ နက်ရှိုင်းစွာ အမြစ်တွယ်အလေးထားနေတယ် အဲဒီ့စိတ်ကလေးရှိတယ်
လိုတဲ့အချိန်မှာ သူမသိလိုက်ပေမဲ့လည်း လုပ်ပေးနိုင်သမျှအကုန်လုပ်ပေးလိုက်မယ်
ဒါပေမဲ့ ဘယ်သူ့ကိုမဆိုအဆင်ပြေသလိုပေါင်း အဲဒါမျိုးစရိုက်တော့မကြိုက်ဘူး
စရိုက်ဆန်တယ် ပြီးတော့ အန္တရာယ်များတယ် ပြီးတော့ အချိန်တွေနှမြောဖို့ကောင်းတယ်
သနားဖို့အကောင်းဆုံးက လိုက်ညှိနေရတာတွေနဲ့ စိတ်ဒုက္ခတွေပေါ့။
ဘုရားရှင်တောင်ဟောသောတရား အသေ၀လာစ ဗာလာနံတဲ့။
စရိုက်ကောင်းသော်လည်း မကိုက်တဲ့စရိုက်နဲ့ စရိုက်မကောင်းသောသူဆို မပေါင်းချင်ပါ


Mar 18, 2010

Japan Scholarship ပညာသင်ထောက်ပံ့ကြေးဆု

ဂျပန်မှာ ၄လပိုင်းဆိုတာ ဘွဲ့ရသူတွေရ အသစ်တွေလည်း ကျောင်းတွေစတက်တဲ့ လပေါ့။
သူငယ်ချင်းအမတယောက်က တက္ကသိုလ်တခုမှာ ဘွဲ့လွန်တက်ဖို့ ၀င်ခွင့်အောင်သွားတာမို့
ဒီပို့စ်လေးရေးရင် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခွင့်ပြုပါ။
ဒီအမက အင်္ဂလိပ်စာမေဂျာနဲ့ကျောင်းပြီးပြီး အင်္ဂလိပ်စာလည်းရ ဂျပန်စာဆိုရင်လည်း
လုပ်ငန်းအတွေ့ကြုံလည်း ရင့်ကျက်ပြီး ဆက်ဆံရေးကောင်းမွန် ဒါ့အပြင်
သဘောအကျ အလေးစားဆုံးကို ဘယ်သူ့ကိုမဆို လူတန်းစားမခွဲခြားပဲ သဘောထားပြည့်စွာ
ပေါင်းသင်းဆက်ဆံရေးကောင်းသူတဦးမို့ပါ။
အဲဒီ့အမတော့ ဖတ်မိရင် မျက်လုံးပြူးနေတော့မှာပဲ :D

၎လပိုင်းမတိုင်မီကတည်းက အမျိုးမျိုးသော အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များက စကောလားရှစ်ပ်
ကျောင်းသား ခေါ်ယူလေ့ရှိတာမို့ မိမိတက်ရောက်နေသော ကျောင်းနှင့်မသက်ဆိုင်သော်လည်း
အဖွဲ့စည်းအလိုက် သတ်မှတ်ထားသော အရည်အချင်းများကို မိမိအနေဖြင့်ကိုက်ညီမှုရှိလျှင်
နှစ်သက်ရာအဖွဲ့စည်းသို့ လျှောက်လွှာများပေးပို့လျှောက်ထားနိုင်တာဖြစ်ပါတယ်။

အင်တာနက်ကရှာမယ်ဆိုရင် ဒီလို keywordသုံးပြီးရှာကြည့်ရင် အများကြီးထွက်လာပါလိမ့်မယ်။
2010年 奨学金 募集 ပါ။
လျှောက်မဲ့ဝက်ဘ်ဆိုဒ်ကိုသွားပြီး အဓိကကြည့်ရမယ့် အချက်တွေက
၁။ ဘယ်နိုင်ငံတွေအတွက်ပေးသည်။(တနည်း နိုင်ငံအမည်များတွင် မြန်မာ ပါမပါ)
၂။ဘယ်ဘာသာ၊ ဘယ်လိုကျောင်းကိုပေးသည်ဆိုခြင်း(အချို့သည်短大学ကောလိပ်အား မပေးပါ)
၃။သက်မှတ်ထားသောအချက်များနှင့်မိမိသည်ကိုက်ညီမှုရှိမရှိ။
   (ဥပမာ ဂျပန်စာအရည်ချင်း၊ အင်္ဂလိပ်စာအရည်ချင်းသတ်မှတ်ချက်)
၎။နောက်ဆုံးအချက်အနေဖြင့်စကောလားရှစ်ပ်အားယူခြင်းဖြင့် ကျောင်းပြီးပြီးနောက်
   ယင်းအဖွဲ့အစည်းအားမည်သိုပြန်လည်ပေးဆပ်ရမည် သို့ ယင်းသို့သော အချက်လက်ရှိမရှိ
   မိမိကလုပ်နိုင်မလုပ်နိုင်။
စတာတွေကို အဓိကထားပြီးကြည့်မယ်ဆိုရင်တော့ ရွေးချယ်ရမြန်ဆန်လွယ်ကူမည်ဖြစ်ပါကြောင်း။

 နမူနာဝက်ဆိုဒ်များအားသွားရောက်ကြည့်ရှုနိုင်ပါသည်။
ဒိုကိုမိုစကောလားရှစ် ドコモ留学生奨学募集
Jassoမှလမ်းညွှန်ပေးသော အခြားစကောလားရှစ်ပေးသောအဖွဲ့အစည်းများ

အားလုံးပဲကျန်းမာပျော်ရွှင်ပါစေ


Mar 11, 2010

ဂျပန်ဘာသာဖြင့်အလုပ်လျှောက်လွှာရေးသားခြင်း

ဂျပန်မှာအလုပ်လျှောက်ရာမှာ အခြေခံအားဖြင့် ၂မျိုးရှိပါတယ်။
တမျိုးက ပေါ့ပေါ့ပါးပါးရေးသားလို့ရတဲ့ အချိန်ပိုင်းအလုပ်လျှောက်လွှာပါ။
နောက်တမျိုးက ကျောင်းပြီးလို့ ကုမဏီလုပ်ငန်းခွင်ဝင်ဖို့ရာအတွက် လျှောက်လွှာရယ်ပါ။

လျှောက်လွှာပုံစံထဲမှာ အချက်လက်တွေကို ကွန်ပျူတာနှင့်ရိုက်ပြီး ပို့တာရှိသလို
အထူးသဖြင့်နိုင်ငံခြားသားဆိုလျှင် အများအားဖြင့် လက်ရေးမူဖြင့်ရေးသားပြီး
စာတိုက်မှတဆင့်ပေးပို့လျှောက်ထားရတာများပါတယ်။
ဒါမျိုးကတော့ ဦးဆုံးလျှောက်လွှာကိုကြည့်ပြီး မိမိရဲ့အရည်သွေးကို ခန့်မှန်းအကဲခတ်တာမို့
အလုပ်ဝင်ရေးအတွက် အဓိကအကျဆုံး အခြေခံအချက်လို့ ဆိုလျှင် မှားအံ့မထင်ပါဘူး။

အလုပ်လျှောက်လွှာရေးသားနည်း

 CV form ကို ယမ်း၁၀၀တန်ဆိုင်တွေမှာ ဆိုဒ်စုံဝယ်လို့ရပါတယ်။
လျှောက်လွှာ စာအိတ်အပြင် ဓါတ်ပုံကပ်ဖို့ ၂ဘက်ကပ်ကော်ပါတဲ့ တိတ်လို စာရွက်ပိုင်းလေးတွေ
အစုံလိုက်ထည့်ထားပါတယ်။
CV formရေးနည်းကို ဒီမှာ အတိကျသွားကြည့်နိုင်ပါတယ်။

ဒါကတော့ဖောင်ပုံစံပါ။
 ①နေရာမှာဓါတ်ပုံကပ်ရပါမယ်။
ဖောင်ရဲ့နံပါတ်②ဆိုတဲ့နေရာကိုရေးနည်းပါ။
မရေးခင်ဂျပန်ရဲ့သက္ကရာဇ်တွေကို ဒီမှာအင်္ဂလိပ်သက္ကရာဇ်နှင့် သွားယှဉ်ကြည့်ရှုရှာဖွေနိုင်ပါတယ်။



平成○日現在
ふりがな     もう     もう   えい
氏 名
  Moe Moe Aye
生年月日 昭和○○年 ○○日 (満 22才)


- ညာဘက်အပေါ်ဆုံးထောင့်မှာ ရက်စွဲရေးရပါမယ် ၀လုံးပုံကလေးက ကွက်လပ်ဆိုတဲ့သဘောပါ။
  မိမိဘာသာ သင့်တော်သလိုရေးဖြည့်ရမည် ဆိုတဲ့သဘောပါ။
  ခုရောက်နေတဲ့ဂျပန်သက္ကရာဇ်က 平成(heisei) 22年(nen) ပါ။
- ဆက်ပြီးအောက်ကဘောင်ထဲမှာ အမည်ကိုရေး အပေါ်ကဘောင်လေးထဲမှာ ဂျပန်လို အမည်ရဲ့
  အသံထွက်ကိုရေးရပါမယ်။ တခုသတိထားရမှာက ふりがなကို ဟိရဂနနဲ့ရေးထားရင်
  အမည်ရဲ့အသံထွက်ကို ဟိရဂနနဲ့ရေးရပြီး ခတခနနဲ့フリガナလို့ရေးထားရင် ခတခနနဲ့ရေးရပါမယ်။
- ပြီးတော့မွေးသက္ကရာဇ်ကို ရေးရပါမယ်။ 満(まん)22才ဆိုတာ ၂၂နှစ်ပြည့်ပြီးလို့ရေးခြင်းပါ။ 

③ကတော့ဆက်သွယ်ရန်လိပ်စာနှင့်ဖုံးနံပါတ်ရေးရမှာပါ။
  လိပ်စာကို မြို့ ရပ်ကွက် နံပါတ်တွေနှင့် နေတဲ့အဆောက်ဦးအမည် အခန်း နံပါတ် စသဖြင့်
  ပြည့်စုံစွာရေးသင့်ကြောင်းဆိုပါတယ်။ ဖုံးနံပါတ်ကတော့
  လက်ကိုင်ဖုံးဆိုရင် ၀၈၀-၀၀၀၀-၀၀၀၀ လိုင်းဖုံးဆိုရင် ၀၃-၀၀၀၀-၀၀၀၀ဆိုပြီးရေးရပါမယ်။
  နေရာအလွတ်မှာ အီးမေးလ်လိပ်စာရေးပေးရင်ပိုကောင်းပါတယ်။


ဒါက④ကျောင်းတက်ခဲ့တဲ့ခုနှစ်တွေနှင့် အလုပ်ဝင်ခဲ့တဲ့ရက်စွဲတွေပါ။
နှစ်၊ လ၊ ဘယ်မြို့ ဘယ်ကျောင်း ကျောင်းဝင် (သို့)ကျောင်းအောင်မြင်ပြီးဆုံး တခုချင်းရေးရပါမယ်။

学歴・職歴(格別にまとめて 書く)
学 歴
昭和59 神戸市立○○小学校 卒業
昭和62 神戸市立○○中学校 卒業
昭和62 兵庫県立○○高等学校 入学
平成 2 兵庫県立○○高等学校 卒業
平成 2 ○○学院大学経済学部経営学科 入学
平成 6 ○○学院大学経済学部経営学科 卒業
職 歴
平成 6 ○○化学工業株式会社 入社
総務部人事課勤務
一般職の採用活動、新入社員研修の企画・運 営
勤怠管理を担当。研修マニュアルの改訂も
経験。
平成10 一身上の都合により退職
平成10 有限会社○○○○事務所 入社
企業向けのセミナーの企画補助、営業を担当。
平成16 一身上の都合により退職
現在、社会保険労務士試験受験のため勉強 中。
以上


⑤ဒါကတော့အရည်ချင်းစစ်စာမေးပွဲစသည်တို့ဖြေခဲ့သည်ရှိလျှင် ရေးပေးရပါမယ်။


免許・資格
昭和59 日本語能力試験 2級 合格
昭和60 11 TOEIC 英語検定試験 700点 
昭和62 日本商工会議者簿記検定2級合格
    現在、日本商工会議者簿記検定1級合格を
めざし勉強中。

⑥ကတော့ အရေးကြီးပါတယ်။ မိမိရဲ့ personalityကိုသိအောင် အကြမ်းဖျင်း ရေးသားမိတ်ဆက်တဲ့
  နေရာပါ။ဘယ်လိုမျိုးရေးသင့်ကြောင်းဒီမှာအကြံပေးထားပါတယ်။

⑧ကတော့ မိမိမျှော်မှန်းလစာ၊ အလုပ်ချိန်စတာတွေနဲ့ပတ်သတ်ပြီးရေးရတာဖြစ်ပေမယ့် သိပ်မရေးတာ
  ကောင်းကြောင်းဆိုပါတယ်။ညှိနှိုင်းစရာရှိလည်းလူတွေ့မှာမှတိုက်ရိုက်ညှိနှိုင်းဆွေးနွေးသင့်ကြောင်းပါတဲ့။

⑨ကတော့ အချိန်ပိုင်းအလုပ်မှာ အသက်မပြည့်သေးရင် မိဘသို့အုပ်ထိန်းသူရဲ့မှတ်ချက်ရေးရခြင်းပါ။


အဆုံးသတ်အနေနှင့်အချိန်ပိုင်းအလုပ်လျှောက်ရာမှာပဲဖြစ်စေ အရေးအကြီးဆုံးကတော့ ⑥အောက်က
ဘောင်ထဲမှာရေးပေးရတာပါ။ မိမိနေတဲ့ဘူတာအမည် နဲ့ အလုပ်ရှိရာဘူတာအမည်ရေးပြီး
ကြာချိန် နှင့် ရထားခကျသင့်ငွေ စသဖြင့် ရေးပေးရလေ့ရှိကြောင်းပါ။

ထွက်မည့်ဘူတာ ရောက်ချင်သည့်ဘူတာရိုက်ထည့်ပြီးရှာရင် ရထားချိန် ကြာချိန် ကျသင့်ငွေ
စတာတွေအားလုံးက ဒီမှာ အလွယ်တကူသွားရှာနိုင်ပါတယ်။

အားလုံးပဲ ပျော်ရွှင်ပါစေ။








Mar 10, 2010

ခြံကြီးထဲမှာ (၃)

အိမ်ကကြီးသလို အမြင့်ကလည်း ပုံမှန်အိမ်တဆခွဲခန့်အမြင့်မှာမှာ မျက်နှာကြက်အမိုး၊
 အမိုးကနီညိုရောင်အုတ်မိုးစစ်စစ်မို့ အလေးချိန်အတော်စီးတော့ အဲဒါကိုခံနိုင်ဖို့ အတော်ကြီးတဲ့သစ်ထုတ်တန်းတွေနဲ့ဖွဲ့ထားတာပေါ့။

နှစ်တွေကြာလို့နံရံမှာတောင်ဆေးမစွဲချင်တော့တာမို့ဖေကခန်းလုံးပြည့်နီးပါး ကျောက်ပြားတွေကပ်လေရဲ့
သာမာန်တိုက်ခန်း၁ခန်းစာနီးပါးရှိတဲ့ဧည့်ခန်းကိုစ၀င်လိုက်မယ်ဆိုရင်ပဲ ခပ်မှိုင်းမှိုင်းအငွေ့သက်
အယ် အကျယ်ကြီးပဲ ဆိုတဲ့ခံစားချက်နှင့်တဆက်တည်း မှိုင်းတဲ့အငွေ့သက်မှာလည်း စိတ်မသက်သာ
ဖြစ်ကောင်းဖြစ်ပေလိမ့်မယ်။

အိမ်ကမိသားစုတွေအကုန် စကားသံကျယ်ကြတယ်။ ဖုံးဆိုရင်လည်း မြည်သံကျယ်ကျယ်ထားတယ်။
ဒါတောင်မှ ၃နေရာမှာထားရတယ်။ ထမင်းစားခန်း၊ ဖေ့အခန်းနဲ့ ကိုယ့်အခန်း။
မကျယ်ရင် ကြားမှမကြားရပဲကိုး။ 
မနက်ခင်းချက်ပြုတ်ချိန်လောက်ဆို ဧည့်ခန်းနဲ့ကပ်ရက် အနောက်ဘက် ထမင်းစားခန်းနဲ့မီးဖိုချောင်မှာ
လူစည်ပေမဲ့ နေ့လည်တွေဆို ကိုယ်စီကိုယ်စီ အခန်းထဲဝင် လုပ်ချင်တာလုပ်ကြသူတွေမို့
အသံပျောက်နေတတ်တာမျိုး။

ဟိုးဘက်ထိပ်ဆုံးဧည့်ခန်းနှင့်ဆန့်ကျင်ဘက်အစွန်းမှာ ဘုရားခန်းပေါ့။ အဲဒီမှာစတာပေါ့။ ဇာတ်လမ်းက။
တည အဖွားကအိပ်နေတုံး ဖေ့ကိုလာနှိုးတယ်။ ၀တ်ဖြူစင်ကြယ်ဝတ်ထားတဲ့အဘိုးတယောက်က
အဘွားကိုလာနှိုးသတဲ့။ သမီးရေ တအားနံတာပဲ။ တရားထိုင်လို့မရဘူးတဲ့။
အဲလိုနဲ့ တအိမ်လုံးနိုးသွားကြတယ်။ ဘာရယ်မဟုတ် အဘွားကျေနပ်အောင် ၀ိုင်းရှာပေးကြတာ
တကယ်ကိုထွက်လာတယ်။ ကြွက်သေတကောင် ဟိုးဘုရားစင်အောက်အနောက်ထဲမှာ။

ငယ်ငယ်က သူငယ်ချင်းအုပ်စုတွေ အတော်တောင့်တယ်။ အားလုံးခြံထဲလာပြီးဆော့ကြတယ်။
တနေ့ သူငယ်ချင်းရဲ့အမ သူ့ညီမကိုလာခေါ်ပါရော။ ကိုယ်ကလည်း အိမ်ရှေ့အထွက် အဲဒီအမက
ကိုယ်တို့တိုက် ဘုရားစင်ကျော်သွားတဲ့တိုက်အစွန်းဘက်မှာ ရှာပြီးပြန်အလာ။ ကိုယ်တို့ကအဲဒီ့ဘက်
ဆော့နေကျကိုး။ အမကပြောတယ် နင်တို့အဘိုးရောက်နေတာလားတဲ့။ အန် ဘာဖြစ်လို့လဲဆိုတော့
ဝတ်ဖြူစင်ကြယ်နဲ့အဘိုးကြီးတယောက် ပုတီးကြီးလည်ပင်းမှာဆွဲပြီး ထိုင်နေတယ်တဲ့။
အယ်အမကလည်း ကြောက်အောင်လျှောက်ခြောက်မနေပါနဲ့။ ဘယ်ကလာ ဆိုတော့ အဲဒီအမလည်း
အမယ်လေး တကယ်ပြောတာ ငါကြက်သီးတွေတောင်ထလာပြီ ဆိုပြီး အပြေးပြန်သွားပါလေရော။

နောက်တမျိုးကရှိသေး။
တရက် အခန်းထဲမှာကိုယ်စီကိုယ်စီ တရေးအိပ်ကြ လုပ်ချင်ရာလုပ်ကြတဲ့နေ့လည်ခင်းတခုမှာပေါ့။
အသံကြီးကြားတယ်။ ကြောက်စရာ။ ကိုယ်ရုပ်ရှင်အပြင်မှာ အဲလောက်ကြောက်စရာကောင်းတဲ့
ငြီးငြူသံ အဲဒီ့တခါပဲ ကိုယ်တွေ့ကြုံဖူးကြားဖူးတယ်။ အီးအားဆိုပြီး။ လှိုဏ်ခေါင်းသံကြီးနဲ့။
ပြီးတော့အသံကြားတဲ့အဲဒီ့အခန်းကိုသွားကြည့်တော့ ကောင်လေးက လေးဘက်တွားတရွတ်တိုက်ပြီး
ထွက်လာလေရဲ့။
ဧည့်ခန်းကျယ်ကြီးနဲ့ကပ်ရက်မှာ ဧည့်ခန်းသေးလေးတခုရှိတယ်။ မီးပူတိုက်တဲ့အခန်းပေါ့လေ။
အိမ်ကတောက်တိုမယ်ရ ကောင်လေးက သန့်ရှင်းရေးလုပ်အပြီး အဲဒီ့အခန်းမှာ ၀င်အိပ်သတဲ့။


အဲလိုနဲ့သူ့မေးကြည့်တော့ ရှေ့က ကုလားထိုင်မှာ ၀တ်ဖြူစင်ကြယ်နဲ့အဘိုးကထိုင်ပြီး ကြည့်နေလေရဲ့
သူက အခန်းပြင်ထွက်ဖို့လုပ်တာ တကိုယ်လုံးလှုပ်မရဘူးတဲ့ အဲဒါကြောင့်အော်တာ အော်တော့လည်း
အသံမထွက်ဘူးတဲ့။ မကြာပါဘူး ကောင်လေးလည်းအလုပ်ထွက်သွားတယ်။
ဖေကတော့ထင်လေရဲ့ သူမရိုးတာတခုခုလုပ်ဖို့ကြံစည်ပုံပေါ်တယ် ဒါကြောင့် မကြိုက်လို့နှင်ချင်လို့
ခြောက်တာဖြစ်မယ်တဲ့။ 


အဲလိုမျိုးလုံခြုံစွာကာကွယ်စောင့်ရှောက်ပေးတဲ့ ဘိုးစဉ်ဘောင်ဆက်အိမ်မှာ ကိုယ်ဟာ နေထိုင်
ကြီးပြင်းလာခဲ့ရတာပေါ့။


Mar 8, 2010

သီချင်းကောင်းလေးတပုဒ်

ချစ်သူနဲ့ခွဲနေရတယ်။ နည်းနည်းလေးလွမ်းနေတယ် ဆိုရင် ဒီသီချင်းလေးနားထောင်ကြည့်ပါလို့။

青山テルマ / 帰る場所သီချင်းနားထောင်ရန်

သူမက အသားညိုညိုညက်ညက် ရုပ်ကလေးကဆိုးသလို ကိုယ့်မျက်စိထဲမြင်ပေမဲ့ ချစ်စရာလေးပါ။
သို့ငြား အဆိုသိပ်ကောင်းတယ်။ ဒါကြောင့်လည်း ဂျပန်မှာ နာမည်ကျော်ပေတာကိုး။
သူမရဲ့အယ်လ်ဘမ်တေးအသစ်လေးက ၃လပိုင်းမှာ စတင်ဖြန့်ချီမှာပါ။
အဲဒီအတွက် အမြည်းလို့ ဆိုပေမလား။
ခေတ္တအခမဲ့ထုတ်လွှင့်ပေးနေတာမို့ အမြန်နားထောင်ကြည့်စေချင်ကြောင်းပါ။
ဂျပန်လိုမသိသူတွေအတွက်ပါ မြန်မာလိုပြန်ပေးလိုက်ပါတယ်။

帰る場所 ပြန်ဖို့နေရာ

အဆို歌:青山テルマ 作詞တေးရေး:SoulJa 作曲သံစဉ်ဖွဲ့:SoulJa

明日が来ちゃえば しばらく会えないけど
မနက်ဖြန်ရောက်လာရင် အတန်ကြာမတွေ့နိုင်တော့မှာ ဆိုပေမဲ့လည်း
いつまでも君の事忘れないよ
အမြဲတမ်း ဘယ်ခါမဆို မင်းကို မမေ့နိုင်ပါဘူးကွာ
それぞれ選んだ道を歩くのは一人でも
ကိုယ်စီကိုယ်စီရွေးခဲ့တဲ့လမ်းကို လျှောက်လှမ်းရတာ တယောက်တည်းပေမဲ့လည်း
心覗けばいる愛する人を
နှလုံးသားမှာ တစိတ်တပိုင်းလှစ်ဟာ မြင်နေရတဲ့ ချစ်ရသူကို


だから いくらさびしくて 泣きたい夜があっても
ဒါကြောင့်ဘယ်လောက်ပဲအထီးကျန်ပြီး ငိုချင်တဲ့ညတာတွေရှိလည်းပဲ
思い出して 僕がいる事を
သတိရမိတယ်  မင်းရှိနေတယ်ဆိုတာကို


さよなら さよなら また会える日がくるまで
နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ် ပြန်လည်တွေ့မယ့်ရက်ရောက်လာမယ့်အထိပေါ့
今だけさよなら 今は
 ခုတခဏလေးတော့ နှုတ်ဆက်ပါတယ် ခုတခဏလေးပါ


さよなら さよなら また会えるから
နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ် ပြန်လည်တွေ့ဆုံနိုင်မှာမို့ပါ

いつまでも君の帰る場所で
အမြဲတမ်း မင်း ပြန်လာမယ့်နေရာလေးမှာ


また会える日まで 君と過ごした日々の
ပြန်လည်ဆုံတွေ့နိုင်မယ့်နေ့ရက်အထိ မင်းနှင့်အတူကုန်လွန်ခဲ့တဲ့နေ့ရက်တွေရဲ့
思い出とともに歩き続けるよ
အမှတ်တရလေးတွေနဲ့အတူ ဆက်လက်ပြီးလှမ်းလျှောက်နေတယ်နော်
道迷いそうな時も 君の笑うその顔
ဘာလုပ်ရမှန်းဝေခွဲခက်တဲ့အခါမျိုးတွေမှာလည်း မင်းရဲ့ ပြုံးလိုက်တဲ့အဲဒီ့မျက်နှာ
思い出して踏み出せる気がするよ
သတိရလို့ ဆက်နင်းလျှောက်သွားနိုင်မှာ ကိုယ့်စိတ်ထဲမှာမှတ်ယူထားပါတယ်။


だから さよならよりも伝えたい ありがとう
ဒါကြောင့် နှုတ်ဆက်ပါတယ် ဆိုတာထက်ကို ပြောပြချင်တာက ကျေးဇူးတင်တယ်ဆိုတာပါ
君がくれた僕の帰る場所
မင်းကပေးခဲ့တဲ့ ကျုပ်ရဲ့ပြန်မယ့်နေရာလေး အတွက်ကိုပေါ့


さよなら さよなら また会える日がくるまで
နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ် ပြန်လည်တွေ့မယ့်ရက်ရောက်လာမယ့်အထိပေါ့
今だけさよなら 今は
 ခုတခဏလေးတော့ နှုတ်ဆက်ပါတယ် ခုတခဏလေးပါ

さよなら さよなら また会えるから
နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ် ပြန်လည်တွေ့ဆုံနိုင်မှာမို့ပါ

いつまでも君の帰る場所で
အမြဲတမ်း မင်း ပြန်လာမယ့်နေရာလေးမှာ

また会える日まで 少しさみしくても
ပြန်လည်တွေ့နိုင်မယ့်နေ့ရက်အထိ နည်းနည်းတော့အထီးကျန်ပေမဲ့လည်းလေ
僕たちは待ち続けてるね きっと
ကိုယ်တို့တွေဟာ ဆက်လက်စောင့်နေကြမယ်နော် ဆက်ဆက်(သေချာပေါက်)ပေါ့
いくら離れてても いくら時流れても
ဘယ်လောက်ပဲ ဝေးကွာနေပစေ ဘယ်လောက်ပဲ အချိန်တွေကုန်လွန်စီးဆင်းနေပေမဲ့လည်းပေါ့

また会う約束した場所で
ပြန်လည်တွေ့ကြမယ် ချိန်းဆိုကတိပြုထားတဲ့နေရာလေးမှာ


さよならはお別れの言葉じゃなくて
နှုတ်ဆက်ပါတယ် ဆိုတာ ခွဲခွာတဲ့စကားမဟုတ်ပဲနဲ့
また会う約束なんだよ だから
တဖန်ပြန်လည်တွေ့ဆုံဖို့ ကတိလေးပါ။ ဒါကြောင့်မို့
さよなら さよなら また会えるから
နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ် ပြန်လည်တွေ့ဆုံနိုင်မှာမို့ပါ
それまでの君との約束を

အဲဒီ့အချိန်ထိ မင်းနှင့်ပြုခဲ့တဲ့ကတိလေးကို


さよなら さよなら また会える日がくるまで
နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ် ပြန်လည်တွေ့မယ့်ရက်ရောက်လာမယ့်အထိပေါ့
今だけさよなら 今は
 ခုတခဏလေးတော့ နှုတ်ဆက်ပါတယ် ခုတခဏလေးပါ

さよなら さよなら また会えるから
နှုတ်ဆက်ပါတယ် နှုတ်ဆက်ပါတယ် ပြန်လည်တွေ့ဆုံနိုင်မှာမို့ပါ

いつまでも君の帰る場所で
အမြဲတမ်း မင်း ပြန်လာမယ့်နေရာလေးမှာ

အားလုံးပဲပျော်ရွှင်ပါစေ


ခြံကြီးထဲမှာ(၂)

ခြံထဲမှာအပင်အတော်စုံတယ်။
အငြိမ်မနေတတ်တဲ့ကိုယ်က ဘာမှလုပ်စရာမရှိ အိမ်မှာပဲရှိတတ်တဲ့ကာလမျိုး ရက်မျိုးတွေဆို
အပင်တွေလျှောက်စိုက်တတ်တယ်။
ကိုယ်ကတော့လား ရေရှည်အနုစိတ် စိတ်မရှည်တတ်သူမို့ တခါစိုက်လှည့်မကြည့်ဆိုတာလိုပါပဲ။
ကိုယ်စိုက်ပြီးရင် မေကရေဆက်လောင်းပေးတာ ထုံးစံ။

မိုးတွင်းဆိုခြံထဲမှာ ရေ၀ပ်တတ်တယ်။ မိုးတွေရွာရင်း ညအိပ်ရင် မိုးသံကြား ဖားတွေရဲ့
အုံးအွမ် အုံးအွမ်ဆိုတဲ့အသံက ကိုယ်တို့အတွက် မိုးရာသီ သားချော့တေးလိုပါပဲ။
ရေအိုင်ကလေးတွေရှိတယ်။ ဖားလောင်းငါးလေးတွေရှိတယ်။
ဖေ လစ်တာနဲ့ အိုင်နားပြေး ဖိနပ်ကလေးချွတ်ပြီး ဆင်းဖမ်းတတ်တယ်။
ဖေက ကြိမ်လုံးသေးသေးလေးနဲ့ နောက်ဆင်းဦးမလားဆိုပြီး ခြေသလုံးကို ခပ်ဆတ်ဆတ်လေး
ရိုက်တာခံဖူးတယ်။ နည်းနည်းရိုက်ရင် များများငိုဖူးတယ်။ များများငိုမှ အရိုက်ခံသက်သာမယ်ဆိုတာ
သိတာကိုး။

မိုးကုန်ပြီဆို အိမ်နဲ့ခပ်ဝေးဝေးနေရာတွေမှာ မြက်ရိုင်းတွေဝန်းရံနေတာပေါ့။
မိုးကုန်တိုင်း ဖေလုပ်ရတာက လူငှားပြီး မြက်ရှင်းရတဲ့အလုပ်။

ဘယ်လောက်သဘာဝဆန်သလဲ မေးပါနဲ့။ သတ္တ၀ါစုံလင်စွာ မရင်းနှီးတာမရှိသလောက်ပေါ့။
အထူးသဖြင့် မြွေတွေနဲ့က ဖွားဖော်ဖွားဖက်လို့ ဆိုရမလို။
ဆန်းလဲဆန်းတယ် ကိုယ်တို့အိမ်ကြီးက ဆန်းတာတွေအတော်များတယ်။
မြွေက အိမ်ထဲမှာ ခဏခဏတွေ့တယ်။
တချို့မိုးတွင်းတွေဆို ၃ရက်လောက်ဆက်တိုက် အိမ်ထဲမှာ မြွှေတွေ့ရှိတယ်။
ဖေကသတ္တ၀ါဆို ခြင်တောင်မသတ်ရ ဆိုတာမျိုးမို့ တအိမ်လုံး ခြင်စကာ ပတ်လည်ဝန်းရံထားပါရဲ့။
ဒါပေမဲ့ အ၀င်ထွက်များတဲ့အခါ ခြံက အပင်စုံ ခြင်လည်းပေါတာမို့
တခါတလေ ခြင်လှောင်အိမ်ဖြစ်သွားတတ်တာမျိုးလည်းရှိတာပေါ့။
အဲလိုမို့ မြွေတွေ့တိုင်း ဖေနဲ့ ကိုယ်တို့မိသားစုလုပ်နေကျအလုပ်က ခုနေတွေးကြည့် ရယ်စရာ
တုတ်ကလေးနဲ့၂ယောက်လောက်ကခြောက် ဖေကရေပုံးကြီးကို အ၀ဖွင့်ပြီး  မြွှေဝင်အောင်
တုတ်တချောင်းနဲ့သွင်း ပြီးရင် အတော်ဝေးတဲ့ နေရာထိ သယ်သွားပြီး လွှတ်ပေးတယ်။
ရယ်စရာ ရှိပါသေး။ ဖေက မြွှေတွေ့တာနဲ့ဦးဆုံးလုပ်တာကို ရေခွက်ထဲ လက်ဝတ်ရတနာထည့်ပြီး
မြွေကိုရေဖြန်းပြီးမှ ဖမ်းလွှတ်တာ။
ဒါကြောင့်ထင်ပါတယ်။ မြွှေကပျော်ရှာပုံပဲ။ ခဏခဏအလည်လာတတ်တယ်။

ဆန်းတာတခုက မြွေအဲလောက်ပေါတဲ့ခြံ ခဏခဏတွေ့တတ်တဲ့ကိုယ်တို့အိမ်
တယောက်မှမြွှေကိုက်မခံရဖူးဘူး။ အန္တရာယ်မရှိဖူးဘူး။ စပါးကြီးမြွေလို လူကြီးလက်မောင်းလောက်ရှိတဲ့
မြွေဆိုလည်း ရံဖန်ရံခါတွေ့တတ်တယ်။ အိမ်ထဲတောင် ပြီးခဲ့တဲ့မိုးတွင်းဝင်လာလို့ ပတ်မောင်းရသေး။
မနှစ်ကဆို မြွေတကောင်ဖမ်းပြီး သွားပစ်ပြီး ဖေကမောမောနဲ့ပြန်အလာ
နောက်တကောင်ထပ်တွေ့ ထပ်ဖမ်းရနဲ့ အတော်မောပြီး အိပ်ရေးတောင်ပျက်ခဲ့ကြရသေးတာပေါ့။

 ပြီးတော့မနက်မိုးလင်းရင် အိပ်ယာနိုးလာတာက စာကလေးတေးသံသာပေါ့။
အိမ်ရှေ့ဝရန်တာတလျှောက်မှာ ဖေက တံစက်မြိတ်အမိုး လျှောက်တန်းတလျှောက်မှာ
သွပ်နန်းကြိုးချိတ်ပြီး သုံးထပ်ပြား သို့ အုံးခွံလေးတွေနဲ့ စာကလေးအိမ်လေးတွေ အသေချာ
ဆောက်ပေးထားတာ အလုံး ၁၂လုံး လောက်ရှိမယ်ထင်ပါရဲ့။
ငယ်ငယ်ကဆို ဖေက မိုးလင်းရင် ခွက်ကလေးတွေနဲ့ ဆန် သို့ ဆန်ကွဲကို ခွဲတမ်းနဲ့ဝေပေးတယ်။
စာကလေးကို ဆန်ကြဲပြီးကျွေးတာပေါ့။

အုန်းသီးကတော့အမုန်းပါပဲ။ များမှများ ပေါမှပေါ။
လူခေါ်ခူးခိုင်းပြီး တခါတည်းအပြတ်ရောင်းတာမျိုးတောင်လုပ်ရတယ်။ အန္တရာယ်များသကိုး။
ခရမ်းစေ့များ အလွယ်မပစ်နဲ့ အပင်လေးတွေတန်းစီပေါက်လာရော။
သရက်သီးများချိုရင် မြေလွတ်တနေရာမှာပစ်လိုက် အပင်ပေါက် မျိုးရသွားရော။


Mar 2, 2010

ခြံကြီးထဲမှာ...

ဘာရယ်မဟုတ် သတိရမိတယ် ငယ်ငယ်ကအကြောင်းလေးတွေ
ခြံထဲမှာ ၀ါးရုံတွေရှိတယ်
ခြံဘေးဘက်စည်းရိုးကမြောင်းကလေးတဖက်မှာ ၀ါးရုံတွေဟာ မြောင်းကလေးကိုကိုင်းပြီး အုံဆိုင်းလို့ တောတန်းရှည်ကလေးပေါ့
ခလေးဘ၀ မြောင်းရိုးနားသွားပြီး ၀ါးရုံအောက် ကုန်းကုန်းကလေးဝင်ပြီး
ချောင်ချောင်ချိချိဆောင့်ကြောင့်ထိုင်လို့ရသကိုး

ကြည်လင်စွာအရှိန်နဲ့စီးနေတဲ့ရေတွေ မကြာဆိုသလို မြင်ရတတ်တဲ့ငါးကလေးတွေ
မိဘဆူလေ့ရှိတဲ့ကြားက တိတ်တိတ်ကလေး သွားသွားကြည့်ဖူးတယ်
ခလေးဆော့တဲ့သတ္တုအိုးနဲ့မီးဖိုကလေးအောက် ဖယောင်းတိုင်ထွန်းပြီး ငုံးဥကြော်လည်းလုပ်စားခဲ့ဖူးတယ်

ခုများတော့ မြောင်းဟာ စီးတဲ့ရေမမြင်ရသလောက်ပါပဲ ၀ါးရုံတွေလည်းပျောက်
ဒီနေရာမှာ ဒီလိုမြောင်းလေးတခုရှိခဲ့ဖူးတာ ပြောပြရင်တောင်မယုံနိုင်စရာပါပဲ။

ပြီးတော့ အနောက်ဘက်က ရေအိမ်ဘေး မာလကာပင်ကြီးလည်း ခဏခဏတက်ဆော့ဖူးခဲ့တယ်
မြင့်မြင့်တက်နိုင်လေ ရွက်ပုံးသီးကြီးကြီးချိုချိုတွေရှာတွေ့လေပေါ့
ဒါပေမဲ့ မာလကာသီးတော့သိပ်မကြိုက်ခဲ့ဘူး မာလကာပင်တက်ရတာတော့နှစ်သက်ခဲ့တယ်။

ပြီးတော့ခြံဘေးဘက်က ၀ါးရုံပင်မြင့်မြင့်တွေကြားလည်း တက်ဆော့ဖူးတာသတိရတယ်။
ကတက်ချဉ် သိပ်ကြိုက်တယ်။ ခြံထဲက ကတက်တွေ အမေနဲ့ဝိုင်းခူးပြီး အိုးထဲထည့်
နေ့တိုင်းစားလည်း မရိုး ထမင်းသိပ်မြိန်ခဲ့တယ်။

သရက်ပင်တွေကလည်း အိမ်ရှေ့ကော အိမ်နောက်ကော နွေရာသီများဆို မောင်နှမတွေစု
သရက်သီးစိမ်းခူး ပါးပါးလှီး ဆေးသကြားမှုန့် ငံပြာရည် နဲ့ စကားတဖွဲဖွဲ အပီလွေးလေ့ရှိခဲ့တာပေါ့။

ခုတလော အမေ့လက်ရာတွေသတိရလို့ မြန်မာဟင်းချက်ရင် ဘာတွေလွဲမှန်းမသိလွဲနေတတ်တယ်
အဆင်မပြေဘူး။ ဒီတခါ အလည်ပြန်ရင် စားဖို့ ခုတည်းက စာရင်းရေးမှတ်ဖို့စဉ်းစားထားတယ်။
နံပါတ်တစ် ငပိနဲ့ကတက်ချဉ်ပေါ့ :D
:O


အလည်လာသူများ

free counters

Total Pageviews