6လပိုင်းထဲဝင်တာနှင့်အတူ ကျမလည်းအသက်တနှစ်ပိုကြီးလာပါတယ်။ တနင်္ဂနွေပိတ်ရက်
ဘုန်းကြီးကျောင်းမှာ စားဖွယ်တခုခု ကိုယ်တိုင်ချက်ပြီးကပ်ချင်တယ်လို့ပြောတဲ့ကျမ၊ ရှားရှားပါးပါးနားရက်မှာ အပြင်လည်းသိပ်မထွက်ချင်ပါဘူး။ သူကတော့ ကျမကိုမွေးနေ့မှာ စိတ်လန်းဆန်းအောင် သွားစေချင်တော့ မနက်ကျမနိုးတော့ သူက smoky ဆော်လမွန်ငါး၊
明太子မန်းတိုင်းကိုလို့ခေါ်လို့ ငါးဥလေးတွေရယ်၊ ကုန်နေပြီဖြစ်တဲ့ Basil ဆော့စ်နှင့်
ရေညှိပြားတွေဝယ်လာပေးတာမို့ ကျမလည်း မြန်မြန်လုပ်ပြီး သွားကပ်ဖြစ်တာမို့
တလက်စတည်း ဆူရှီလုပ်နည်းလေးဝေမျှလိုက်ပါတယ်။
California Roll Style နည်းကို မှီငြမ်းပြုလုပ်ထားတာဖြစ်ပေမဲ့၊ အရသာပေါ့လျှင်ကောင်းတယ်
မထင်တဲ့ ကျမတို့ မြန်မာအကြိုက် အရသာကို နည်းနည်းလိုတိုးပိုလျှော့လုပ်လိုက်တာမို့
ကျမဘာသာစားတာတော့အတော်အကြိုက်တွေ့ပါတယ်။
ပါဝင်ပစ္စည်း
1.နော်ရိ ခေါ် ရေညှိပြားကြီး ၁လိပ်လျှင် ၁ချပ်နှုန်း
2.ဆူရှီမှုန့် (寿司粉)ခေါ် အမှုန့် စာအိတ်ပါအချိုးအတိုင်း
(မရှိလျှင် ဗာနီဂါအနည်းငယ်ထည့်ပါ)
3.ထမင်း (နဲနဲကလေး တင်းတင်းကလေး၊ မပျော့စေရန်ဂရုစိုက်ပါ)
(မွှေလျှင်ထမင်းတွေကြေသွားတတ်သည်။)
4.Smoky Salmon (ဆော်လမွန်ငါးကို အစိမ်းထည့်လည်းရပါသည်)
5.Basil Sauce
6.မရောနိစ်
7.Mentaiko (明太子)ခေါ်ငါးဥ
(အငံဓါတ်ပါပြီး အလွန်စိမ့်ပါသည်)
8.သခွားသီး (အရှည်လိုက်ပါးပါးလှီးကာ အတွင်းပိုင်းသားကိုလှီးထုတ်သည် ရေဓါတ်မပါရန်)
9.မုန်ညှင်းနု သို့ ဟင်းနုနွယ်ရွက် (အပင်လိုက်ရေစေးကာ ရေနွေးဖျောကာ ရေညှစ်သည်
ထည့်ခါနီး အမြစ်ပိုင်းဖြတ်ကာ တပင်စီယူထည့်သည်)
10.ကြက်ဥကြော်(နူးညံ့စေရန် နွားနို့နှင့်မရောနိစ်အနည်းငယ်ထည့်ပါတယ်)
11.ကြိုက်တတ်လျှင် ရေညှိအသေးရွက်လေးများ (ရေညှိရွက်အကြေ)
ပြုလုပ်နည်း
1.ထမင်းလိပ်လုပ်သော ၀ါးဇကာပေါ်တွင်ရေညှိရွက်(ကြီး)ကို ချောသောဘက်အား
အောက်တွင်ထားကာခင်းသည်။
2.ထမင်းကို ဆူရှီမှုန့်ဖြင့်ပူတုံးရောမွှေသည်။
နံပါတ်၁၀ဧ။်ရေညှိအကြေကိုထမင်းတွင်ရောနယ်ရာတွင်သုံးသည်။
ယင်းပေါ်တွင် (လက်ရေစွတ်ကာ)ထမင်းများအားဖြန့်ခင်းသည်။
ထမင်းမခင်းသော နေရာအဖြစ် 1လက်မခန့် နေရာချန်ပါ။
လိပ်ပြီးအဆုံးတွင်ထမင်းလျှံထွက်ခြင်းမဖြစ်စေရန်ချန်ပါသည်။
3.ယင်းနောက် ယခုကဲ့သို့ ထည့်ပါသည်။
(ထမင်းလိပ်လုပ်စဉ်ကပုံမရိုက်လိုက်၍ ကြက်ဥလိပ်ပုံဖြစ်ပါသည်။)
ဤနေရာတွင်အသေးစိတ်ကြည့်ပါ။
ပြုလုပ်နည်းနှင့်ပါဝင်ပစ္စည်းကွဲပြားပါတယ်။
လှီးနည်း
1.အဖျား၂ဘက်ကို ညီညီညာညာဖြစ်ရန်ခပ်ပါးပါးစီလှီးထုတ်ပါ။
2.ယင်းနောက် ဓါးတွင်ရေအနည်းငယ်စွတ်ကာ အလိပ်၏တခြမ်းတိတိ အလယ်ကိုလှီးပါ။
3.ယင်းနောက် လှီးထားသောအပိုင်း၏အလယ်ကိုလှီးပါ။
အားလုံးပဲကျန်းမာပျော်ရွှင်စားကောင်းပါစေရှင်